
သွေးလွန်တုပ်ကွေးရောဂါကို တိုက်ဖျက်ဖို့ သုတေသီတွေ အသုံးပြုတဲ့ နည်းလမ်းဖြစ်တဲ့ ဝိုလ်ဘာချီးယား ဘက်တီးရီးယားတွေနဲ့ ကူးစက်ခံထားရတဲ့ ခြင်တွေကို မွေးမြူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဇီဝစက်ရုံဟာ လာမယ့်နှစ်တွေအတွင်း ဘရာဇီးမှာ လူပေါင်း သန်း ၁၄၀ လောက်ကို သွေးလွန်တုပ်ကွေး ရောဂါဘေးမှ ကာကွယ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီက ပြောပါတယ်။
ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သီးသန့်ပံ့ပိုးထားတဲ့ ဝိုလ်ဘီတို ဒိုဘရာစီးလ် ဓာတ်ခွဲခန်းခြင် မွေးမြူရေးစက်ရုံကို ဇူလိုင် ၁၉ ရက်က ကူရီတီဘာ မြို့မှာ ဖွင့်လှစ်ခဲ့တာပါ။
ကမ္ဘာ့ ခြင်အစီအစဉ်၊ အော့စ်ဝါလ်ဒို ခရုဇ်ဖောင်ဒေးရှင်းနဲ့ ပါရာနာရဲ့ မော်လီကျူး ဇီဝဗေဒ အင်စတီကျုတို့ကြား ဖက်စပ်လုပ်ငန်းဖြစ်ပြီး တပတ်ကို ခြင်ဥ သန်း ၁၀၀ ထုတ်လုပ်နိုင်ပါတယ်။
ဝိုလ်ဘီတို ဒို ဘရာစီးလ်ကုမ္ပဏီဟာ ဘရာဇီးနိုင်ငံမှာ ၆ လ တခါ လူပေါင်း ခန့်မှန်းခြေ သန်း ၇ လောက်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် လူစီယာနို မိုရေးရာ က အင်တာဗျူးတခုမှာ ပြော ပါတယ်။
ဝိုလ်ဘာချီးယား ဘက်တီးရီးယားဟာ ခြင်တွေကို သွေးလွန်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ်စ် ဒါမှမဟုတ် ချီကွန်ဂန်ညာ ဗိုင်းရပ်စ် တို့လို တခြားရောဂါတွေ ကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဒါ့ကြောင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေဟာ ဓာတ်ခွဲခန်းမှ ပေါက်ပွားတဲ့ခြင်တွေကို ပြည်တွင်းခြင်တွေဆီ ပေါက်ပွားစေဖို့နဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားတဲ့ ဘက်တီးရီးယားပိုးတွေ ဆက်လက်ပွားများအောင် လုပ်ဆောင်တာဖြစ်ပါတယ်။
ဝိုလ်ဘီတို ဒို ဘရာစီးလ်ကုမ္ပဏီက ဓာတ်ခွဲခန်းခြင်တွေကို တိုးမြှင့်လာနိုင်တာနဲ့အမျှ ရောဂါပိုးရှိတဲ့ ခြင်တွေကို သယ်ဆောင်လာတဲ့ ကားတွေဟာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နေရာတွေဆီ ဖြတ်သွားပြီး ခလုတ်တချက်နှိပ်ရုံနဲ့ အင်းဆက်တွေကို လွှတ်ပေးလိုက်မှာဖြစ်ပါတယ်။
အဲဒီနည်းလမ်းဟာ ဘရာဇီးလ်နိုင်ငံရှိ မြို့ကြီး ၈ မြို့မှာ ၂၀၁၄ ခုနှစ်ကတည်းက လူပေါင်း ၅ သန်း ကျော်ကို အကာအကွယ်ပေးထားပြီးဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
ကိုက်ခဲနာကျင်မှုတွေ ခံစားရတတ်လို့ အရိုးကျိုးနာလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အေအီးဒိစ်အီးဂျစ်ပ်တီ ခြင်အမျိုးအစားကြောင့် နှစ်စဉ် လူပေါင်း သန်း ရာနဲ့ ချီဆီကို ကူးစက် ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကနေ သိရပါတယ်။
ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အသက်ဆုံးရှုံးနိုင်ပြီး မနှစ်တုန်းက ဘရာဇီးမှာ လူပေါင်း ၆၂၉၇ ဦး သေဆုံးကာ စံချိန်တင် အဆိုးရွားဆုံးနှစ် ဖြစ်ကြောင်း WHO ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source:Reuters