Home
နိုင်ငံတကာ
ဘရာဇီးတွင် ငွေကြေးခဝါချမှုနှင့် လောင်စာဆီ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်း
DVB
·
August 29, 2025
Photo :Reuters

ဘရာဇီးရဲတပ်ဖွဲ့နဲ့ အခွန်အရာရှိတွေဟာ သြဂုတ် ၂၈ ရက် အစောပိုင်းက နိုင်ငံအနှံ့ ဆက်တိုက် စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ငွေကြေးခဝါချမှုနဲ့ လောင်စာဆီနယ်ပယ်မှာ ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ လိမ်လည်မှု အစီအစဉ်တွေကို ပစ်မှတ်ထားတာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီတပတ်ရဲ့ စီးနင်းဖြိုခွင်းမှုတွေဟာ ဘရာဇီးငွေကြေး ရေယာ့စ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၈၄ ဘီလီယံ) ကျော်ရှိတဲ့ လောင်စာဆီတင်သွင်းမှုနဲ့ ရေယာ့စ် ၅၂ ဘီလီယံရှိတဲ့ ပြည်တွင်း စက်သုံးဆီ ရောင်းချမှုတွေ ပတ်သက်တဲ့ အစီအစဥ်တွေနဲ့ ဆက်စပ်နေတယ်လို့ အခွန်ဌာနက ပြောပါတယ်။

ဘရာဇီး တရားရေးဝန်ကြီး ရီကာဒို လီဝမ်ဒေါ့စကီးက “ဒီကနေ့ သမိုင်းမှာ အကြီးကျယ်ဆုံး ရာဇ၀တ်ဂိုဏ်းတိုက်ဖျက်ရေး စစ်ဆင်ရေးတခုကို စတင်လိုက်ပါတယ်။ အထူးသဖြင့် တရားဝင်စျေးကွက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ ဂိုဏ်းတွေပါ။ ရာဇ၀တ်အဖွဲ့အစည်းတွေက လောင်စာဆီလုပ်ငန်းရဲ့ တစိတ်တပိုင်းကို သိမ်းပိုက်ထားတာကြောင့် ကျနော်တို့လည်း စက်သုံးဆီကဏ္ဍကို ပစ်မှတ်ထား စစ်ဆင်ရေး လုပ်ခဲ့တယ်” လို့ ပြောပါတယ်။

နိုင်ငံစုံ စွမ်းအင်ကုမ္ပဏီတွေဟာ ဘရာဇီးရှိ သူတို့ရဲ့ ဖြန့်ဖြူးရေးကွန်ရက်တွေက ရာဇ၀တ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ကြရပါတယ်။

၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ဒီအစီအစဥ်တွေနဲ့ ဆက်စပ်နေတဲ့ ရေယာ့စ် ၄၆ ဘီလီယံလောက် တရားမ၀င် ငွေကြေးလွှဲပြောင်းမှုတွေဟာ ဘဏ္ဍာရေးနည်းပညာ ကုမ္ပဏီတွေကနေတဆင့် လှည့်ပတ်စီးဆင်းနေခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ပြည်နယ် ၈ ခုမှာ ရှာဖွေရေးဝရမ်း ၃၅၀ လောက်ကို လုပ်ဆောင်ခဲ့ပြီး Hidden Carbon လို့ခေါ်တဲ့ စစ်ဆင်ရေးအတွင်း ပိုင်ဆိုင်မှု ၁ ဘီလီယံကျော်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဘရာဇီးဘဏ္ဍာရေးဝန်ကြီး ဖာနန်ဒို ဟဒ်ဒက် က  “အဓိက ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံသူတွေ အကြားမှာ တွေ့ရလေ့ရှိတဲ့ နည်းဗျူဟာတွေကို အသုံးချပြီး ရာဇ၀တ်ဂိုဏ်းတွေမှာ အသုံးပြုကြတဲ့ ခေတ်မီဆန်းပြားတဲ့ ငွေကြေးလိမ်လည်မှုကို ဖော်ထုတ်ဖို့ အထူးပြုအဖွဲ့တဖွဲ့ကို အပ်နှံလိုက်တာပါ။ ဒါက ရာဇ၀တ်မှုရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ခေါင်းဆောင် အစစ်အမှန်တွေကို ဖမ်းမိနိုင်ဖို့ နိုင်ငံတော် ထောက်လှမ်းရေးကို အသုံးပြုတာက နည်းလမ်းအမှန်ပါပဲ” လို့ ပြောပါတယ်။

သီးခြားထုတ်ပြန်ချက်တခုမှာ ဖက်ဒရယ် ရဲတပ်ဖွဲ့က သူတို့ဟာ ၂၀၂၀ မှ ၂၀၂၄ ခုအတွင်း ဘရာဇီးနိုင်ငံရဲ့ လောင်စာဆီဈေးကွက်နဲ့ ငွေကြေးစနစ်တွေမှာ အကျိုးစီးပွားရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ငွေလွှဲပြောင်းမှုတွေကို ဖော်ထုတ်ဖို့ အစိုးရစတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး လှုပ်ရှားမှုတွေဖြစ်တဲ့  ကွာဇာ စစ်ဆင်ရေးနဲ့ တန့်ခ် စစ်ဆင်ရေးတို့ကို တပြိုင်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

လောင်စာဆီကဏ္ဍမှာ ၂၃ ဘီလီယံကျော်ကို ရွှေ့ပြောင်းခဲ့တယ်လို့ ယူဆရတဲ့ အစီအစဉ်တွေကို နှိမ်နင်းဖို့ ရည်ရွယ်ထားကြောင်းလည်း ဆိုပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013