
မန်ယူနိုက်တက် ဂန္ထဝင်ကစားသမား ရွိုင်ကိန်းရဲ့ ဝေဖန်မှုကြောင့် နာကျင်ခံစားရတယ်လို့ နောက်ခံလူ လုခ်ရှောက ပြောသွားပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်း မရခဲ့တဲ့အပေါ် လုခ်ရှောရဲ့ စွမ်းဆောင်ရည်ကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး အဲဒီလို အမှားအယွင်းများနေတာက နှစ်များစွာကြာမြင့်နေပြီလို့ ရွိုင်ကိန်းက ပြောပါတယ်။
ကိန်းက အသင်းသမိုင်းရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တယောက်ဖြစ်ပြီး အတွေ့အကြုံရှိတဲ့သူလည်း ဖြစ်တာကြောင့် ဝေဖန်မှုအပေါ် နာကျင်ခံစားရကြောင်း၊ ဘောလုံးသမားတိုင်းက ဝေဖန်မှုနဲ့ မကင်းတာကိုတော့ သိရှိပြီး ဝေဖန်မှုတွေကို နားထောင်ပြီး အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း လုခ်ရှောက ပြောပါတယ်။
ဒါပေမဲ့ ရွိုင်ကိန်းကဝေဖန်မှ သိရှိတာမျိုးတော့ မဟုတ်ဘဲ မန်ချက်စတာဒါဘီမှာ မိမိရဲ့ခြေစွမ်းက အဆင့်တခုမှာ မရှိဘူးဆိုတာ သိရှိကြောင်း လုခ်ရှောက ဝန်ခံစကားဆိုသွားပါတယ်။
လုခ်ရှောဟာ ချဲလ်ဆီးနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး စွမ်းဆောင်ရည်ကောင်း ပြန်လည်ပြသနိုင်ခဲ့ပါတယ်။