
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ၄ ယောက်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) လက်အောက်ခံ တအာင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကျောက်မဲမြို့မှာ နေထိုင်နေတဲ့ အရပ်သားတွေထဲက အာဏာသိမ်းစစ်တပ်ရဲ့ သတင်းပေးအဖြစ် မသင်္ကာတဲ့သူတွေကို PSLF/TNLA လက်အောက်ခံ တအာင်းရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ ဒီလပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
နီးစပ်သူတယောက်က “နမ့်ခုံးရှမ်းများပရဟိတအဖွဲ့က တယောက်ရယ်။ ကျန်တဲ့မြို့ခံ ၃ ယောက်ရယ်ကို ပြန်လွှတ်ပေးလို့ ပြန်လွတ်လာပြီ။ သူတို့ ဖမ်းခံထိတာ ရက်ပိုင်းပဲ ရှိသေးတယ်" လို့ ပြောပါတယ်။
ကျောက်မဲမြို့မှာ PSLF/TNLAရဲ့ တအာင်းရဲတပ်က စစ်တပ်သတင်းပေးဆိုပြီး မသင်္ကာလို့ ဖမ်းဆီးခံရသူ ၅ ယောက်ထက်မနည်းကို နီးစပ်သူတွေဆီကနေတဆင့် မေးမြန်းရာမှာ ဒေသခံတွေကတော့ TNLA က မသင်္ကာလို့ ဖမ်းဆီးထားတဲ့ ပြည်သူတွေ အယောက် ၅၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပေမဲ့ ဒီရေအတွက်ကို သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။
ဖမ်းဆီးခံထားရသူတွေကို ကျန်းမာရေးကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး၊ တကိုယ်ရေ သန့်ရှင်းရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်၊ အဝတ်အထည်နဲ့ အစားအစာတွေကို ပေးခွင့်မရကြတဲ့အပြင် တွေ့ခွင့်ပါမရကြဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
မြို့ခံတယောက်က “ဖမ်းသွားပြီဆိုရင် ကျန်ခဲ့တဲ့မိသားစုတွေက တွေ့ခွင့်လည်း မရှိတော့ဘူး။ ဘာအဆက်သွယ်မှလည်း မရတော့ဘူး။ ဘယ်ခေါ်သွားမှန်းလဲ မသိဘူး။ ဆေးတွေ၊ အဝတ်အစားတွေ၊ စားစရာတွေလည်း ပေးလို့မရတော့ဘူး"လို့ ဆိုပါတယ်။
ကျောက်မဲမြို့မှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေထဲက စစ်တပ်ရဲ့ သတင်းပေးအဖြစ် မသင်္ကာလို့ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးကို စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းကနေ သတင်းထုတ်လွှင့်ချိန်အထိ ၄ ကြိမ် တိုင် DVB သတင်းထောက်က စာရေးသား ပေးပို့မေးမြန်းခဲ့ပေမဲ့ ပေးပို့တဲ့စာကို ဝင်ဖတ်ပြီး ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
အခုဖြစ်ရပ်တွေနဲ့ ပက်သက်လို့ အမည်မဖော်လိုတဲ့ TNLA ရဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတယောက် ပြောဆိုချက်အရဆိုပြီး “အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးပေါ့နော်။ လူ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့မှ သူတို့ကို စစ်ဆေးရိုက်နှက်တာမျိုးတော့ မရှိဘူး။ ကျနော်တို့ ၂၄ နာရီ ခေါ်ယူ စစ်ဆေးတာပေါ့။ တကယ်လို့ အပြစ်မရှိရင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကို ပြန်လည်လွှဲအပ်လိုက်တယ်”လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ ရွှေဖီမြေသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကျောက်မဲမြို့ကို (PSLF/TNLA) တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အဘက်ဘက်က တန်ပြန်ထိုးစစ်တွေကြောင့် ကျောက်မဲမြို့နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။


