
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူလူထု သုံးပုံနှစ်ပုံနီးပါးလောက် အိုးအိမ်စွန့်ပြီး စစ်ဘေးရှောင်နေကြရပါတယ်။
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့မှာ ဈေးဆိုင်၊ စားသောက်ဆိုင်၊ တခြားမရှိမဖြစ်ဆိုင်တချို့၊ ကားဂိတ်တချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်ဖို့ ခက်ခဲနေတဲ့ ပြည်သူတချို့တော့ ဆက်လက်ရှိနေပါတယ်။
အများစုမှာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးကင်းရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်ယူပြီး ဝေဟင် မြေပြင် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်တပ်ရဲ့ထိုးစစ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပြင် နွေဦးတော်လှန်ရေးအင်အားစုနဲ့ တခြား မဟာမိတ်တပ်တွေက ဝိုင်းဝန်းခုခံနေတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တအာင်းတပ်ဟာ ကျောက်မဲမြို့ကို ထိန်းချုပ်ခဲ့တာပါ။
လက်ရှိ ကျောက်မဲမြို့ကို TNLA ရဲ့ အုပ်ချုပ်ရေးယန္တရား ဆက်ရှိနေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးမှူး လွေးယေဦးက အတည်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဟာ ပြီးခဲ့တဲ့လပိုင်းက ပြန်လည်လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်အတွင်းက နောင်ပိန်ကျေးရွာအုပ်စုနဲ့ တခြားကျေးရွာတွေကိုလည်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်တွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိနေတာကြောင့် သာသနာနွယ်ဝင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။