
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ ဖားကန့်ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲဝန်းကျင်က ဖားကန့်မြို့နယ်ထဲက မရှီကထောင်ကျေးရွာအုပ်စု၊ ထုံးဖို (ဂျန်ဂတ်ရွာ) မှာ လက်နက်ကြီးထိမှန်လို့ လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဒီလအစောပိုင်းကစတင်ကာ ဖားကန့်မြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားကန်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းရွာတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
အဲဒီလို ထိန်းချုပ်ပြီးတဲ့နောက်မှာ စစ်တပ်က အင်အားထပ်တိုးကာ အနီးအနားကျေးရွာတွေကိုပါ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“နန်တိမ်းဘက်ကို စစ်ကြောင်းဝင်တယ်၊ အင်အား တော်တော်လေးများတယ်။”
DVB က ရရှိတဲ့ အချက်အလက်အရ နန့်တိမ်းရွာကို စက်တင်ဘာ ၁၈ ရက် ညနေမှာ စစ်တပ်က ၁၂ ဘီးကား ၆ စီး၊ ဒေသတွင်းလုပ်ငန်းသုံး မြေသယ်ကားတစီး နဲ့ တပ်အင်အား ထပ်ဖြည့်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ လယ်ပြင်၊ ယမ်းချက်ဘက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်ထဲက ရွာတချို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး ပြန်လည်ထိုးစစ်ဆင်နေတာပါ။
စက်တင်ဘာ ၁၇ ရက် ညနေကလည်း ဆိုင်းတောင်ကျေးရွာ အထက်မှော်ရှန် တောင်ကြားလမ်း အနီးမှာ အရွယ်မရောက်သေးတဲ့ ကလေး ၂ ယောက်ကို လက်နက်ကြီး ထိမှန်လို့ တယောက် သေဆုံးကာ တယောက် ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းကစပြီး ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ၊ ညောင်ပင်ကုန်း စတဲ့နေရာတွေကို စစ်တပ်ကမြေပြင် စစ်ကြောင်းထိုးတာအပြင် လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေနဲ့ ထိုးစစ်ဆင်နေတာပါ။
လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာဖို့ရှိနေတာကြောင့် ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြဖို့နဲ့ သတိဝီရိယနဲ့ နေထိုင်ကြဖို့ ဒေသခံတွေအချင်းချင်း သတိ ပေးတာတွေလည်း လုပ်နေကြပါတယ်။
စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း ဖားကန့်မြို့နယ်အတွင်းက နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။