
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကနေ လားရှိုးမြို့ဘက်ကို ချော်ခဲကုန်ကြမ်းတွေ တင်ပို့နေတဲ့ သတ္တုသယ်ယာဉ်ကြီးတွေကြောင့် မြို့တွင်း၊ မြို့ပြင်လမ်းနဲ့ နမ္မတူ-လားရှိုး ကတ္တရာလမ်းပိုင်းမှာ အကြီးစားပျက်စီးနေပြီး ခရီးသည်တင်ယာဉ်တွေ၊ ကားငယ်တွေ၊ အိမ်စီးကားတွေနဲ့ ခရီးသွားပြည်သူတွေ သွားရေးလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ္မတူဒေသခံတယောက်က “လမ်းတွေပျက်ကုန်တာ တလကျော်လောက်ရှိပြီ။ ကားလမ်းတွေလည်း နွားလှည်းလမ်းလို ဖြစ်ကုန်ပြီ။ တရုတ်ပြည်က တရုတ်လူမျိုးတွေ မောင်းတဲ့ ၁၂ ဘီးကားကြီးတွေ တနေ့ကို အစီးရေ အနည်းဆုံး ၅၀ လောက် ထွက်နေတယ်။ ကုန်နဲ့ ကားတန်ချိန်က ၆၀ နဲ့ ၇၀ လောက်ရှိတယ်။ လမ်းရဲ့ခံနိုင်ရည်က တန် ၃၀ လောက်ပဲ ရှိတယ်ဆိုတော့ အကုန် ချိုင့်ခွက်တွေ ဖြစ်ကုန်တယ်။ ကတ္တရာတွေလည်း ကွာကုန်ပြီ၊ ကားငယ်တွေဆို သွားလို့ကို မရတော့ဘူး” လို့ ပြောပါတယ်။
နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်လိုက်ပြီး နောက်ပိုင်း တောင်ကြားရပ်ကွက်မှာတည်ရှိတဲ့ အေပတ်(စ်) ကုမ္ပဏီက ကြိတ်ခွဲထုတ်လုပ်ထားတဲ့ ချော်မှုန့်တွေကို သတ္တုသယ်ယာဉ်ကြီးတွေနဲ့ နမ္မတူ-မုန်းဝီး-နမ့်ခမ်းလမ်းအတိုင်း တရုတ်နိုင်ငံဘက်ကို တင်ပို့ခဲ့ပါတယ်။
အခုလက်ရှိမှာတော့ နမ္မတူ-မန်စံ-လားရှိုးလမ်းပိုင်းကို အသုံးပြုပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ဖို့ လုပ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
နမ္မတူဒေသခံက “နမ္မတူကို TNLA က သိမ်းလိုက်တော့ ကုမ္ပဏီက T ကို ပိုက်ဆံပေးပြီး ချော်မှုန့်တွေကို မုန်းဝီး-နမ့်ခမ်းလမ်းကနေ တရုတ်ဘက်ကို ပို့တယ်။ အဲတုန်းကလည်း လမ်းတွေ တအားစုတ်ပြတ်သွားတယ်။ အခု နမ္မတူ-လားရှိုးဘက်ကနေ တရုတ်ဘက်ကို ပို့ဖို့လုပ်နေတယ်။ ချော်တွေကို လားရှိုးနဲ့ ၁၀ မိုင်အကွာက အီနိုင်းရွာနားမှာ ပုံထားတယ်။ အခု အီနိုင်းတံတားကို အကြီးပြန်ထိုးနေတယ်။ အဲဒါပြီးရင် ပြန်သယ်မယ်ထင်တယ်။ သူတို့က မရ ရတာ ထုတ်ရောင်းနေကြတာ၊ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဟာ နမ္မတူမြို့ကို တိုက်ခိုက်ထိန်းချုပ်ခဲ့တာပါ။
နမ္မတူမြို့က သတ္တုတွေကို တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချလို့ ဒေသတွင်းလမ်းပိုင်းတွေ ပျက်စီးနေတာနဲ့ ပတ်သက်ပြီး PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦး ကတော့ လောလောဆယ်မှာ စုံစမ်းနေဆဲဖြစ်တယ်လို့ DVB ကို ဖြေကြားပါတယ်။
နမ္မတူမြို့နယ်က ဒေသခံပြည်သူလူထုတွေကတော့ သတ္တုသယ်ယာဉ်ကြီးတွေကြောင့် ပျက်စီးသွားတဲ့ မြို့တွင်း၊ မြို့ပြင်နဲ့ ဒေသတွင်းလမ်းပိုင်းတွေကို အများပြည်သူ သွားလာလို့ရအောင် ပြုပြင်ပေးဖို့ လိုလားနေကြပါတယ်။