Home
မြန်မာသတင်း
ကျောက်မဲတွင် ရှမ်းပြည်မှတ်ပုံတင် မဟုတ်သူများကို TNLA ဖမ်းဆီးနေ
DVB
·
September 13, 2025
Photo : TNLA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA က လက်ရှိထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ရှမ်းပြည်မှတ်ပုံတင်ကိုင်ဆောင်ထားတာ မဟုတ်သူတွေကို ဒီရက်ပိုင်းမှာ လိုက်လံဖမ်းဆီး ထိန်းသိမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “၁၃ မျဉ်းစောင်းမဟုတ်သူတွေကို ဖမ်းတယ်ဆိုတာ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ကလူတွေ ကျောက်မဲထဲကို စိမ့်ဝင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေလို့ လိုက်ဖမ်းနေတာလို့ ပြောတာပဲ။ ကားဂိတ်ကလူတွေ ဖမ်းခံရတာရှိတယ်။ ကြက်ခြံလုပ်နေတဲ့သူတွေဖမ်းခံရတာရှိတယ်။ ပြိန်းနင်ဘက်နေတဲ့သူတွေ အများဆုံး အဖမ်းခံရတယ်။ မျက်စိကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

ကျောက်မဲမြို့မှာ နှစ်ပေါင်းများစွာအခြေချနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိကြတဲ့ ရှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း မဟုတ်တဲ့သူတွေကိုပါ TNLA က လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မြို့ကိုစွန့်ခွာတိမ်းရှောင်ကြရတဲ့ နယ်မြေခံမိသားစုတွေ အများကြီးရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့ လာဖမ်းတဲ့အချိန် အိမ်ထောင်စု(စာရင်း)ပြတယ်။ မြို့မှာ နှစ်ပေါင်းဆယ်ချီနေထိုင်ပြီး အိမ်ထောင်တွေကျလို့ ကလေးတွေတောင်ရနေပြီလို့ ပတ်ဝန်ကျင်းက ထောက်ခံပေးတာလည်း မရဘူး။ ဖမ်းတာပဲ။ တော်တော်များများ အဖမ်းခံရတယ်။ ဥပမာ ၅ မျဉ်းစောင်းတို့၊ ၉ မျဉ်းစောင်းတို့ ဖြစ်နေရင်ပေါ့။ အဲဒီတော့ ၁၃ မျဉ်းစောင်းမဟုတ်တဲ့ မိသားစုတွေက ကျောက်မဲကနေ အားလုံးရှောင်သွားကြတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ဖမ်းဆီးထားတဲ့သူတွေကို မိသားစုဝင်တွေက တွေ့ခွင့်ပေးဖို့တောင်းဆိုပေမယ့် အများစုက တွေ့ခွင့်မရကြဘူးလို့လည်း ဆိုပါတယ်။

ကျောက်မဲမြို့မှာ ရှမ်းပြည်မှတ်ပုံတင်ကိုင်ဆောင်ထားတာ မဟုတ်သူတွေကို ဖမ်းဆီးထိန်းသိမ်းနေတာနဲ့ ပတ်သက်ပြီး PSLF/ TNLA တအာင်းတပ်ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရရှိသလို တရားဝင်ထုတ်ပြန်တာလည်း မရှိသေးပါဘူး။

လက်ရှိ ကျောက်မဲမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်တပ်ဟာ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းပေါ်ကမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်ထိုးစစ်ဆင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013