
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ပြည်သူတချို့ဟာ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး တခြားဒေသတွေဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေးစွက်ဖက်မှုနဲ့ စစ်ကောင်စီပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ မြို့တော်လားရှိုးမြို့မှာ စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ပြန့်နေတာပါ။
ဒါ့ကြောင့် မြို့ခံပြည်သူအများစုဟာ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေရောင်းချပြီး ဘေးကင်းလုံခြုံမှုရှိမယ်ထင်တဲ့ တခြားဒေသတွေဘက်ကို ပြောင်းရွှေ့နေထိုင်လာကြတယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။
လားရှိုးမြို့ကနေ တခြားဒေသတွေဘက်ကို ပြောင်းရွှေ့နေထိုင်ကြသူတွေထဲမှာ ကိုးကန့်လူမျိုးတွေလည်း အများစုပါဝင်နေပါတယ်။
လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြည်လည်လည်ပတ်နေတာ ၄ လကျော်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာ တည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေတွေကြောင့် လက်ရှိ လားရှိုးမြို့က နေအိမ်တွေဟာ အရောင်းပဲရှိပြီး ဝယ်မယ့်သူက မရှိသလောက် ဖြစ်တယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ- တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြို့ရွာတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။