
ပဋိပက္ခဖြစ်နေတဲ့နေရာတွေဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် အခွင့်အရေးကောင်းတွေ ရှိနေတဲ့ လုံခြုံရာနေရာတခု ဖြစ်လာတတ်တယ်ဆိုတာ အားလုံးသိကြတဲ့ ကိစ္စပါ။ ဒါပေမဲ့ သတိမထားမိကြတာကတော့ အစိုးရလို အာဏာပိုင်အဖွဲ့အစည်းတွေကိုယ်တိုင်က ဒီပြဿနာမှာ ဘယ်လောက်အထိ အဓိကကျကျ ပါဝင်ပတ်သက်နေလဲ ဆိုတဲ့အချက်ပါပဲ။ ဒီလိုဒေသတွေမှာ ရာဇဝတ်ကွန်ရက်တွေဟာ ဘာအရေးယူမှုကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေး အပါအဝင် တခြားစီးပွားရေးတွေကိုပါ ပိုဆိုးရွားအောင် မွှေနှောက်တတ်ကြပါတယ်။ ဒီအဖွဲ့တွေက ဥပဒေစိုးမိုးမှု အားနည်းတာ၊ နယ်မြေထိန်းချုပ်မှု ရှုပ်ထွေးနေတာတွေကို အခွင့်ကောင်းယူပြီး မတည်ငြိမ်မှုတွေကနေ အမြတ်ထုတ်ကြတာပါ။ ဒါပေမဲ့ တချို့ အခြေအနေတွေမှာတော့ သူတို့ဟာ နိုင်ငံတော်အာဏာပိုင်တွေနဲ့ တိုက်ရိုက်ပူးပေါင်းပြီး စစ်ကာလ စီးပွားရေးထဲကို ဝင်ရောက်နေရာယူလာကြပါတယ်။ လတ်တလော ဥပမာတခုကို ကြည့်မယ်ဆိုရင် ဆီးရီးယားနိုင်ငံက အာဆတ်အစိုးရဟာ Captagon ဆိုတဲ့ မူးယစ်ဆေးဝါးကို အကြီးအကျယ် ထုတ်လုပ်ပြီး တရားမဝင်ရောင်းဝယ်တဲ့ လုပ်ငန်းအပေါ် မှီခိုနေခဲ့တာမျိုးပါပဲ။
အင်ဒို-ပစိဖိတ်ဒေသမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေအတွက် ခိုလှုံရာ တခု ဖြစ်လာနေပါတယ်။ အခုဆိုရင် ဒီရာဇဝတ်လုပ်ငန်းကြီးဟာ အတိုင်းအတာတခုထိ ကြီးထွားလာပြီး မြန်မာ့အရေးအခင်းရဲ့ တခြားသက်ရောက်မှုတွေကိုတောင် ကျော်လွန်ကာ နိုင်ငံတကာအထိ ခြိမ်းခြောက်နိုင်တဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ ကြီးမားရှုပ်ထွေးတဲ့ ငွေလိမ်လုပ်ငန်းစခန်းကြီးတွေ (ကျားဖြန့်) ကို တည်ထောင်ပြီး အွန်လိုင်းငွေလိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ လူကုန်ကူးခံရသူတွေနဲ့ အလိမ်ခံရသူတွေအတွက် ဆိုးရွားရုံတင်မကဘဲ၊ ဒေသတခုလုံးရဲ့ လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ကြီးကြီးမားမား ထိခိုက်နစ်နာစေပါတယ်။
ဒီလုပ်ငန်းဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းကစလို့ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ အခုဆိုရင် 'နည်းပညာအကူအညီပေးမယ်'၊ 'ငွေပြန်အမ်းမယ်' ဆိုတာမျိုးလို သာမန်လိမ်လည်မှုအဆင့်ကိုတောင် ကျော်လွန်သွားပါပြီ။ ငွေလိမ်သူတွေဟာ တကမ္ဘာလုံးက လူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ပိုပြီးရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သုံးလာကြပါတယ်။ ဒီလိုကြီးထွားလာရတဲ့ အကြောင်းရင်းတွေကတော့ ကိုဗစ်-၁၉ ကပ်ရောဂါအပြီး ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေ ခေတ်စားလာတာ၊ ကပ်ရောဂါမတိုင်ခင်ကတည်းက တည်ဆောက်ထားတဲ့ ကာစီနိုအဆောက်အအုံတွေနဲ့ အိမ်ခြံမြေတွေ အသင့်ရှိနေတာ၊ နောက်ပြီး ၂၀၂၁ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ဥပဒေမဲ့ဇုန်တွေ ပိုများလာတာတွေကြောင့်ပါပဲ။
ဒီလိမ်လည်မှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခစီးပွားရေးထဲကို လုံးလုံးလျားလျား ပေါင်းစပ်ဝင်ရောက်နေပါပြီ။ အာဏာလုစစ်ကောင်စီကိုယ်တိုင်က သူတို့ရဲ့မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ ချမ်းသာကြွယ်ဝလာဖို့အတွက် ဒီငွေလိမ်စီမံကိန်းတွေကို တရားဝင်ခွင့်ပြုပေးပြီး လမ်းဖွင့်ပေးနေတာပါ။ ဒါကြောင့် ဒီလိမ်လည်မှုတွေရဲ့ နောက်ကွယ်မှာ အဖွဲ့အစည်းတခုတည်း ကြိုးကိုင်နေတာမဟုတ်ဘဲ၊ အထူးသဖြင့် စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ လုပ်ငန်းတွေကို တိုက်ရိုက်စီမံခန့်ခွဲနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေအပါအဝင် အဖွဲ့အစည်းပေါင်းများစွာ ပါဝင်ပတ်သက်နေပါတယ်။
ဒီအချက်ကြောင့်ပဲ ဒီခြိမ်းခြောက်မှုကို ဖြေရှင်းရပိုခက်စေပြီး နိုင်ငံအချင်းချင်း သမားရိုးကျ နှစ်နိုင်ငံဆွေးနွေးမှုတွေနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖို့ မလုံလောက်တော့တဲ့ အခြေအနေ ဖြစ်လာစေပါတယ်။ အဲဒီအစား ထိရောက်တဲ့နည်းလမ်းတခုကတော့ ပါဝင်ပတ်သက်နေသူ အားလုံးအတွက် ငွေလိမ်စခန်းတွေ လည်ပတ်ဖို့ ကုန်ကျစရိတ် ပိများလာအောင်လုပ်ပြီး သူတို့ ရနေတဲ့ အကျိုးအမြတ်တွေ ကျဆင်းသွားအောင် ဖိအားပေးဖို့ပါပဲ။ ဒီအစီရင်ခံစာမှာတော့ မြန်မာ့နယ်စပ်တလျှောက်နဲ့ တခြားနေရာတွေက ငွေလိမ်စခန်းတွေရဲ့ ဘယ်သူ၊ ဘာ၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာကြောင့် ဆိုတဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြထားပါတယ်။ ဒါမှသာ ဒီငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ပိုပြီးကျယ်ပြန့်ထိရောက်တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိခဲ့ပေမဲ့ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ဒီငွေလိမ်စခန်းတွေရဲ့ နောက်ကွယ်က နိုင်ငံရေး၊ စီးပွားရေး အရှုပ်အထွေးတွေကို သေချာနားမလည်ရင် ဘယ်လိုအခက်အခဲတွေတွေ့ရလဲဆိုတာကို ထိုင်းဖြစ်ရပ်က ကောင်းကောင်းမီးမောင်းထိုးပြနေပါတယ်။ ထိုင်းစစ်တပ်ဟာ အစပိုင်းမှာ လူတွေကို ပြန်ခေါ်တဲ့အခါ မြဝတီမြို့တောင်ဘက်က ငွေလိမ်စခန်းတချို့ကို လုပ်ကိုင်နေတဲ့၊ စစ်ကောင်စီနဲ့ အမည်ခံမဟာမိတ်ဖွဲ့ထားတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ နှစ်နိုင်ငံသဘောတူညီမှုနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် စစ်ကောင်စီနဲ့ဆက်နွှယ်နေတဲ့ နယ်ခြားစောင့်တပ် (BGF) တွေက လူကုန်ကူးထားတဲ့သူတွေကိုတော့ လပေါင်းများစွာ လျစ်လျူရှုထားခဲ့ပါတယ်။ ဒါကြောင့် လူထောင်ပေါင်းများစွာဟာ နယ်စပ်မှာ သောင်တင်ကျန်ခဲ့ရပြီး ငွေလိမ်စခန်းတွေကို ကြီးကြပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း နောက်ထပ် လူတွေပြန်ခေါ်မယ့် ကြိုးပမ်းမှုတွေကို တမင်နှောင့်နှေးအောင် လုပ်ခဲ့ကြပါတယ်။
ဒီငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းပိုင်းကို ပိုမိုရွှေ့ပြောင်းသွားပြီး ထိုင်းအာဏာပိုင်တွေ လက်လှမ်းမမီတော့တဲ့ နေရာတွေကို ရောက်သွားခဲ့တာပါ။ ဒါကို တားဆီးဖို့ ထိုင်းနိုင်ငံအတွက် ရွေးချယ်စရာ နည်းလမ်းသိပ်မရှိပါဘူး။ အခုနောက်ပိုင်းလတွေမှာ ဒီလိုရွှေ့ပြောင်းမှုတွေ ပိုပြီးအရှိန်မြှင့်လာတာကို တွေ့နေရပါတယ်။
ပြောရမယ်ဆိုရင် ဒီငွေလိမ်လုပ်ငန်းဟာ အာဏာလုစစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖန်တီးပေးထားတဲ့ လုပ်ငန်းတခုလိုပါပဲ။ သူတို့ရဲ့မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကြားမှာ ထိရောက်တဲ့ အာဏာနဲ့ အကျိုးစီးပွားကွန်ရက်တွေ တည်ဆောက်ဖို့အတွက် ဒီလုပ်ငန်းဟာ ကြားခံလမ်းကြောင်းတခုအဖြစ် အသုံးချခံနေရပါတယ်။
နောက်ဆုံးအနေနဲ့ စစ်အုပ်စုအတွက် ဒီငွေလိမ်စခန်းတွေ ရှိနေတာဟာ မဟာဗျူဟာမြောက် အကျိုးအကြောင်းဆက်စပ်မှုတခု ရှိနေပါတယ်။ စစ်ကောင်စီက သူတို့နဲ့မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုကို သူတို့ရှင်သန်ရေးအတွက် မရှိမဖြစ်လို့ ရှုမြင်ထားပါတယ်။ စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရေးအရ အရှုံးတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရချိန်မှာ သဘာဝသယံဇာတတူးဖော်မှုကနေ အကျိုးအမြတ်ခွဲဝေပေးတာမျိုး၊ 'အပစ်အခတ်ရပ်စဲရေး' လို့ခေါ်တဲ့ အစဉ်အလာနည်းလမ်းတွေနဲ့ အကျိုးပြုနိုင်စွမ်းကလည်း အားနည်းလာခဲ့ပါပြီ။
မြန်မာနိုင်ငံက စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိကထူးခြားချက်တခုကတော့ သူတို့ဟာ မြန်မာ့တပ်မတော်ဆီကနေ ထောက်ပံ့မှုတွေ ရပေမယ့်၊ ကိုယ့်ရန်ပုံငွေကိုယ် ရှာကြရတာပါပဲ။ ၁၉၆၀ ပြည့်နှစ်တွေကတည်းက တပ်မတော်ဟာ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေ သစ္စာရှိအောင် တိုက်ရိုက်ရန်ပုံငွေပေးတာမျိုးထက်၊ သူတို့ရဲ့ တရားမဝင် လုပ်ငန်းတွေကို မျက်စိမှိတ်ခွင့်ပြုပေးတဲ့နည်းနဲ့ အားပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် တိုက်ပွဲဝင်နေသမျှ ကာလပတ်လုံး၊ သူတို့ ထိရောက်စွာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ကျယ်ပြန့်လှတဲ့ ငွေလိမ်စခန်းကွန်ရက်တွေကို အပြတ်ဖြိုခွင်းဖို့ ဆန္ဒရှိမှာလည်း မဟုတ်သလို၊ လုပ်နိုင်စွမ်းလည်း ရှိမှာမဟုတ်ပါဘူး။
ပြောင်းပြန်အနေနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေ၊ အထူးသဖြင့် တရုတ်နယ်စပ်က ငွေလိမ်စခန်းတွေကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီလုပ်ငန်းအများစုဟာ စစ်ကောင်စီ ဩဇာလွှမ်းမိုးရာဒေသတွေဆီကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
ငွေလိမ်စခန်းတွေကို ရှင်းလင်းဖို့ ကြိုးပမ်းမှုတွေဟာ တနေရာပြီးတနေရာ လိုက်ဖမ်းနေရတဲ့ ကြောင်နဲ့ကြွက် ကစားပွဲလိုပါပဲ။ လုံခြုံတဲ့နေရာတခုကနေ နောက်တခုဆီ ပြောင်းရွှေ့နေတာနဲ့ပဲ အဆုံးမရှိတဲ့ ကစားပွဲတခု ဖြစ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံနယ်စပ်တွေမှာ တင်းတင်းကျပ်ကျပ် စောင့်ကြပ်အရေးယူနိုင်ရင်တော့ လက်ရှိ ထိုင်းနယ်စပ်မှာလို သီးသန့်တည်ဆောက်ထားတဲ့ စခန်းကြီးတွေ ထပ်တိုးမလာအောင် တားဆီးနိုင်ကောင်း တားဆီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ငွေလိမ်စခန်းတွေဟာ နေရာအများကြီးမလိုပါဘူး။ ငှားထားတဲ့ ဟိုတယ်တလုံး၊ ကွန်ပျူတာ၊ လျှပ်စစ်မီး၊ အင်တာနက်လိုင်းနဲ့ “မျက်စိမှိတ်ပေးမယ့” ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတခုပဲ လိုအပ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ဒီလုပ်ငန်းတွေကို ဒေသတွင်းမှာ အပြီးတိုင် ရှင်းလင်းဖယ်ရှားဖို့ မဖြစ်နိုင်သေးတာပါ။
ဒီလို တရားမဝင်လုပ်ငန်းငယ်လေးတွေကို ထိန်းချုပ်ဖို့နဲ့ လျှော့ချဖို့အတွက် တခုတည်းသော ယုံကြည်စိတ်ချရတဲ့ နည်းလမ်းကတော့ “မျက်စိမှိတ်ပေးထားတဲ့ ဥပဒေစိုးမိုးရေး” ကို အရင်ဆုံး အမြစ်ဖြတ်ဖို့ပါပဲ။ မြန်မာနိုင်ငံမှာတော့ ဒီလိုဥပဒေမဲ့ရပ်ဝန်းတွေကို ဖန်တီးပေးနေတာ စစ်အုပ်စုကိုယ်တိုင် ဖြစ်ပါတယ်။
နသန်ရုဆာ
Ref: ASPI