Home
မြန်မာသတင်း
ကျားဖြန့် ငွေလိမ်လည်မှု ကာကွယ်ရေး မိုဘိုင်းလ် App ထွက်ရှိ 
DVB
·
July 22, 2025

မြန်မာနိုင်ငံမှာ အွန်လိုင်းကတဆင့် ငွေလိမ်လည်တာတွေ များလာတဲ့အချိန် လိမ်နေတာလား ဆိုတာကို အလွယ်တကူ စစ်ဆေးနိုင်ဖို့ ဖုန်း အပလီကေးရှင်းတခုက ကူညီပေးနေပါတယ်။

Kwin ဆိုတဲ့ အပလီကေးရှင်းက ငွေလွှဲခိုင်းတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ရှာကြည့်ရုံနဲ့ လိမ်နေတာလား ဆိုတာကို စစ်ဆေးပေးသလို အဲဒီဖုန်းနံပါတ်နဲ့ လိမ်လည်ဖူးခဲ့တဲ့ တခြားအမှုတွေ၊ လိမ်လည်သူရဲ့ တခြားနံပါတ်တွေကိုပါ ဖော်ပြပေးတာပါ။

Kwin ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ အကြံရတာက ကျားဖြန့်တွေ  အရမ်းဆိုးရွားလာတဲ့ ၂ဝ၂၂ ခုနှစ် နှစ်ဆန်းမှာ Kwin App ဖန်တီးဖို့ အကြံရခဲ့ပါတယ်။ လိမ်လည်မှုတွေ တနေ့တခြား များပြားနေတဲ့ ဒီနေ့ကာလမှာ လွယ်လွယ်ကူကူ ရှာဖွေစစ်ဆေးနိုင်မယ့် App တခုသာရှိရင် ပြည်သူတွေကို အွန်လိုင်းလိမ်လည်မှုကနေ ကာကွယ်ပေးနိုင်ပြီး ငွေကြေးဆုံးရှုံးမှုတွေကို လျှော့ချပေးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဖန်တီးခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

သူတို့ ယုံကြည်တဲ့အတိုင်း အပလီကေးရှင်းထဲကို စစ်ချင်တဲ့ ငွေလွှဲဖုန်းနံပါတ်ကို ထည့်လိုက်ရုံနဲ့ လူလိမ်နံပါတ် ဖြစ်နေခဲ့တယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ လိမ်လည်မှုတွေ၊ နစ်နာသူတွေက တိုင်ကြားတဲ့ ဖြစ်စဉ်တွေနဲ့ လူလိမ်သုံးစွဲနေတဲ့ တခြားငွေလွှဲနံပါတ်တွေကို သက်သေနဲ့တကွ တွေ့နိုင်တာကြောင့် သိရှိရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ တကြိမ်စစ်ရုံနဲ့ တခြားငွေလိမ်လည်ခံရနိုင်ခြေတွေကိုလည်း သိရှိပြီး ရှောင်ရှားနိုင်မယ်လို့ Kwin ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“User အများစုဆီက ပြန်ကြားရတာက ‘ငွေလိမ်လည်မှုတွေ များပြားနေတဲ့  မြန်မာပြည်မှာ မရှိမဖြစ် သုံးသင့်တဲ့ App’ လို့ ပြောပါတယ်။ နည်းပညာနဲ့စိမ်းတဲ့ လူကြီးတွေအတွက်လည်း အဆင်ပြေတယ်၊ သုံးရလွယ်တယ်၊ အချိန်နဲ့တပြေးညီ အချက်အလက် Update ဖြစ်တယ်လို့ ပြန်ကြားရပါတယ်။ Word of Mouth (တဆင့်စကား) က တဆင့် DAU (Daily Active User) တနေ့ပြီးတနေ့ များပြားလာတာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။”

ပြီးခဲ့တဲ့ နှစ်တော်တော်ကြာကတည်းက အွန်လိုင်းကနေ လိမ်လည်ပြီး မိုဘိုင်းလ် ပိုက်ဆံအိတ်တွေထဲကို ငွေလွှဲခိုင်းတာတွေ ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပိုဆိုးလာခဲ့တာပါ။

နာမည်ကြီးဘဏ်တခုရဲ့ မိုဘိုင်းလ်ပိုက်ဆံအိတ်ကို ကြားခံသုံးပြီး လိမ်လည်တာ၊ ဖောက်ထွင်းငွေခိုးတာတွေလည်း မကြာသေးခင်က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ပြီး ဘဏ်က တာဝန်ယူ ဖြေရှင်းတာ မရှိသလို ဒီလိုအမှုတွေကို အရေးယူဖို့အတွက် စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ လိမ်လည်တာတွေကတော့ ဆက်ဖြစ်နေတာကို တွေ့ရပါတယ်။

Kwin ရဲ့ တာဝန်ရှိသူက “Kwin App က မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ တခုတည်းသော ကျားဖြန့် ငွေလိမ်လည်မှု ကာကွယ်ရေးမိုဘိုင်းလ် App ဖြစ်ပါတယ်။ စီးပွားရေးအရ မဟုတ်တဲ့ ပြည့်သူအကျိုးပြု App တခု ဖြစ်ပါတယ်။ ကျားဖြန့်တွေရဲ့ လိမ်လည်မှုပုံစံအမျိုးမျိုးကနေ ကြိုတင်ရှောင်ရှားနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေသလို ဖြစ်စဉ်ဖြည့်သွင်းတဲ့နေရာမှာလည်း ငွေလိမ်သတင်း လက်ခံရရှိပြီး ၄၈ နာရီ အတွင်း Appမှာ စိစစ်ဖော်ပြနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လူလိမ်တွေက နေရာတိုင်းမှာရှိနိုင်ပြီး နည်းအမျိုးမျိုးနဲ့ လိမ်ဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် ဘာအတွက်ပဲ ငွေလွှဲလွှဲ၊ Kwin နဲ့ စစ်ပြီးမှ ငွေလွှဲဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။အပလီကေးရှင်းကို သုံးစွဲမယ်ဆိုရင် KWin Scam Alert ဆိုတဲ့နာမည်နဲ့ Google Play Store မှာ ရှာဖွေနိုင်သလို https://play.google.com/store/apps/details?id=info.kwin.app&hl=en_SG ကနေလည်း ရယူနိုင်ပြီး မကြာခင် iPhone သုံးစွဲသူတွေအတွက်လည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013