ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လေကြောင်းရန် အရေးပေါ်ကာကွယ်ရေးနည်းလမ်းတွေ ပို့ချခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန အဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ရှောင်ပြည်သူ အယောက် ၁၆၀ ကျော်ကို လေကြောင်းလာချိန် အရေးပေါ် ဝပ်နည်း၊ ပုန်းနည်း၊ ကြိုတင်ကာကွယ်နည်းတွေကို လက်တွေ့အသုံးချကာကွယ်နိုင်ဖို့ စက်တင်ဘာ ၁၉ ရက်နေ့က ပို့ချခဲ့တယ်လို့ သိရပါတယ်။
လက်တွေ့သင်တန်းပို့ချမှုတွေကို အရေးပေါ်ကယ်ဆယ်ရေးဌာနနဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လူသားချင်းကူညီကယ်ဆယ်ရေးနဲ့ စာနာထောက်ထားရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာလို့ ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အဓိက ကလေးသူငယ်တွေပေါ့။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင်၊ ပြီးတော့ ဒီနောက်ပိုင်းက စကစက လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ တအားဖြစ်ပွားတဲ့အခြေအနေမျိုးမှာ ကြိုတင်ပြင်ဆင်မှုမျိုးပေါ့။ လက်တွေ့အနေနဲ့ရော စာတွေနဲ့ရော ကျနော်တို့ ရှင်းပြတာမျိုးပေါ့နော်” လို့ ပြောပါတယ်။
သင်တန်းတခါပေးရင် စစ်ရှောင်ပြည်သူ အယောက် ၁၀၀ ကျော်ကို တရက်ကြာ သင်ကြားပို့ချပေးတာဖြစ်ပြီး ဒီးမော့ဆိုမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဆက်တိုက်လိုက်လံ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုနဲ့ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အခုလက်ရှိအချိန်အထိ စစ်ရှောင်စခန်းတွေရှိရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။