Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ရေးနှင့် ခိုးဆိုးလုနှိုက်ကာကွယ်ရန် ညမထွက်ရ ထုတ်ပြန်
DVB
·
September 20, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝါးဘန်းဗလိုအုပ်စုက ကျေးရွာ၊ ရပ်ကွက်၊ စစ်ရှောင်စခန်းနဲ့ ဆိုင်တွေရဲ့ ဒေသလုံခြုံရေးအတွက် ည ၉ နာရီကနေ မနက် ၅ နာရီအတွင်း ညဘက် အပြင်ထွက်ရင် စစ်ဆေးမယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ပူးပေါင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ ခိုးဆိုးလုနှိုက်တာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ တရားမဝင်လောင်းကစားလုပ်တာ၊ အပေါင်ဆိုင်လုပ်ကိုင်တာတွေကို ည ၉ နာရီနောက်ပိုင်းမှာ ဥပဒေမဲ့လုပ်ရပ်တွေလုပ်ကိုင်တာတွေ့ရလို့ စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNDF တပ်ရင်းတခုရဲ့ တပ်ဖွဲ့ဝင်တယောက်က “ခိုးဆိုးလုနှိုက်တွေပေါ့၊ လူတွေ အသွားအလာနည်းတဲ့နေရာမှာဆို ပိုပြီး အန္တာရာယ်ရှိတာပေါ့နော့။ အခုနောက်ပိုင်းဆို ဖုန်းတွေလုတာ ပိုက်ဆံအိတ်လုတာတွေ ကြားလာရလို့ပေါ့နော့” လို့ ပြောပါတယ်။

စက်တင်ဘာလအတွင်း ဒီးမော့ဆိုက ဖုန်းဆိုင်တဆိုင်မှာ ဖုန်းတွေခိုးခံရတာ၊ Star link ဘက်ထရီတွေ ခိုးခံရတာ၊ ဆိုင်ကယ်တွေပျောက်ဆုံးတာတွေရှိလာတာကြောင့် ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။

Star link ဆိုင်တွေအနေနဲ့ ည ၉ နာရီအထိပဲ ဖွင့်ဖို့နဲ့ ချယ်ရီကုန်းစျေးတန်းကနေ S ကွေ့လမ်းနားအထိ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပေးဘဲ စစ်ရေးတင်းမာမှု အခြေအနေကျလျော့သွားတဲ့အထိ စစ်ဆေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒေသလုံခြုံရေးဆောင်ရွက်နိုင်ဖို့ ကရင်နီပြည်ရဲဌာန KSP၊ ဝါးဘန်းဗလိုအုပ်စု အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အခုလို ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013