မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ က ဆန်၊ ဆီနဲ့ ကြက်သွန်နီတွေ ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့၊ ၄ မိုင်၊ မြိုင်သာယာနဲ့ ၆ မိုင်ရွာက စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၁၄ စုကို လှူဒါန်းပေးခဲ့တာဖြစ်ပြီး အိမ်ထောင်စုတစုကို ဆန် ၃ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၅၀ သားစီ ပေးတာလို့ သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ ရဲဘော်တယောက်က ပြောပါတယ်။
“စစ်ရှောင်တွေက ဒီဘက်မှာ လက်လုပ်လက်စား ရွှေကျင်စားကြတာတော့ရှိတယ်၊ ဒါမယ့်ကျနောတို့ လှူပေးလိုက်တော့ သူတို့အတွက် အနည်းအကျဉ်း အဆင်ပြေသွားတာရှိပါတယ်” လို့ သူက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင်၊ မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ကျေးရွာ ၁၁ ရွာက ပြည်သူတွေ စစ်ရှောင်နေကြရပါတယ်။