Home
ဆောင်းပါး
မြန်မာ့အရေးနဲ့ ကြိုတင်ခန့်မှန်းခြင်းရဲ့ အန္တရာယ်များ
DVB
·
September 20, 2025

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၄ နှစ်ခွဲကာလအတွင်းမှာ ပညာရှင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားသော ဝေဖန်သုံးသပ်သူအများအပြားဟာ လက်ရှိပြည်တွင်းစစ်ရဲ့ နောက်ဆုံးရလဒ်နဲ့ပတ်သက်ပြီး အမျိုးမျိုးသော ကြိုတင်ခန့်မှန်းချက်တွေကို ပြုလုပ်ခဲ့ကြပါတယ်။

အစပိုင်းမှာတော့ တိုင်းပြည်ရဲ့ အင်အားကြီးမားတဲ့ စစ်တပ်ဟာ တိုးပွားလာတဲ့ အတိုက်အခံလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့တဲ့အတွက် ခန့်မှန်းချက်အများစုဟာ စစ်အုပ်စုဘက်ကို အသာပေးပြီး အဆိုးမြင်တဲ့ဘက်ကို အတော်လေးယိမ်းခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ (အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်) နဲ့ ဒီမိုကရေစီဆန်တဲ့ အစိုးရစနစ်ကို ချက်ချင်းပြန်သွားဖို့ မြန်မာနိုင်ငံတွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ အရင်က အကြိမ်ကြိမ် ဖြစ်ခဲ့သလိုပဲ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ပုန်ကန်ထကြွမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရက်ရက်စက်စက် နှိမ်နင်းခံရလိမ့်မယ်လို့ ကျွမ်းကျင်သူအများအပြားက ခန့်မှန်းခဲ့ကြပါတယ်။

မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုတွေဟာ လက်နက်ကိုင်ခုခံ တော်လှန်ရေးဘက်ကို ကူးပြောင်းခဲ့ပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ နယ်စပ်တလျှောက် အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အများအပြားရဲ့ အကူအညီကို ရယူခဲ့ကြပါတယ်။ အဲဒီ‌နောက် တော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှားမှုနဲ့ စည်းလုံးညီညွတ်မှုတွေ တဖြည်းဖြည်း တိုးတက်လာတဲ့အခါမှာတော့ လေ့လာသုံးသပ်သူတွေဟာ သူတို့ရဲ့ခန့်မှန်းချက်တွေကို ပြန်လည်ချိန်ညှိလာကြပါတယ်။ သူတို့က အလွန်အကျွံ အကောင်းမြင်တာကို သတိထားဖို့ ဆက်လက်သတိပေးနေပေမဲ့ အရင်ကထက် အများကြီးပိုပြီး ထိရောက်တဲ့ ခုခံတော်လှန်မှုတခု ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ လက်ခံလာကြပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာတော့ EAOs တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့တွေဟာ သမိုင်းဝင်စစ်ရေးအောင်ပွဲတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တချို့ပုဂ္ဂိုလ်တွေက စစ်အုပ်စု မကြာခင် ပြုတ်ကျတော့မယ်လို့ ယုံကြည်ချက်ရှိရှိ ဟောကိန်းထုတ်ခဲ့ကြပါတယ်။ နိုင်ငံတကာလေ့လာသူတချို့ကလည်း စစ်အုပ်စုဟာ  “ဗုန်းဗုန်းလဲ” အခြေအနေကို ရောက်နေပြီလို့ သုံးသပ်ခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီဟာ တနိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၃၂ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်တော့တယ်လို့ ကြေညာခဲ့ပါတယ်။ BBC က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုမှာလည်း စစ်အုပ်စုဟာ နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်တော့တယ်လို့တောင် ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုပြောဆိုချက်တွေကိုတော့ သတိထား သုံးသပ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် BBC ရဲ့ လေ့လာမှုမှာ အတိုက်အခံတွေ 'သိမ်းပိုက်ရရှိခဲ့တယ်' ဆိုတဲ့ နယ်မြေအများစုဟာ လူနေကျဲပါးပြီး တောတောင်ထူထပ်တဲ့ ဝေးလံခေါင်ဖျားဒေသတွေ ဖြစ်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီကာလတလျှောက်လုံး တော်လှန်ရေးအင်အားစုကို ထောက်ခံသူတွေဟာ ပြည်တွင်းစစ် ရလဒ်အပေါ်မှာ အကောင်းမြင်စိတ်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအကောင်းမြင်စိတ်ဟာ အဖြစ်အပျက်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်မှုတခုနဲ့တော့ အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။ မှားယွင်းတဲ့ အချက်အလက်တွေ၊ သတင်းမှားဖြန့်ဝေမှုတွေနဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်းတင်မှုတွေ ပေါင်းစပ်ပြီး သူတို့ဟာ ဒီမိုကရေစီရရှိရေးတိုက်ပွဲနဲ့ ပတ်သက်လို့ လက်တွေ့မကျတဲ့ ဟောကိန်းထုတ်မှုတွေ အများအပြား ပြုလုပ်ခဲ့ကြပါတယ်။

The Economist မဂ္ဂဇင်းကတော့ အတိုက်အခံတွေဟာ သူတို့ကိုယ်တိုင်ဖြန့်ဝေတဲ့ ဝါဒဖြန့်ချိရေးကို သူတို့ကိုယ်တိုင်ပြန်ယုံကြည်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

သမိုင်းက ရှင်းရှင်းလင်းလင်းပြသခဲ့သလိုပဲ၊  စစ်အုပ်စု မကြာခင် ကျဆုံးတော့မယ်ဆိုတဲ့  ခန့်မှန်းချက်တွေဟာ အတော်လေး စောလွန်းခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ပြီးခဲ့တဲ့ ၉ လအတွင်း စစ်အုပ်စုဟာ (အဓိကအားဖြင့် စစ်မှုထမ်းဥပဒေနဲ့) လျော့နည်းသွားတဲ့ စစ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါတယ်။ လက်နက်တွေပြန်လည်တပ်ဆင်၊ နည်းဗျူဟာတွေ ပြင်ဆင်မွမ်းမံကာ အရင်ကဆုံးရှုံးခဲ့တဲ့ နယ်မြေတချို့ကိုတောင် ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ မြောက်ပိုင်းက EAOs တချို့ကိုလည်း သူတို့ရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်မယ်လို့ တရုတ်နိုင်ငံဘက်က ခြိမ်းခြောက် ဖိအားပေးလာပါတယ်။

အခုအခါမှာတော့ မြန်မာ့အရေးစောင့်ကြည့်နေသူတွေဟာ ပိုပြီး ချင့်ချင့်ချိန်ချိန် ပြောဆိုလာကြပါတယ်။ အနာဂတ်အဖြစ်အပျက်တွေကို သုံးသပ်တဲ့အခါမှာ သတိထားဖို့ အကြံပြုလာကြပါတယ်။ တိုင်းပြည်ရဲ့ စစ်ရေးအခြေအနေဟာ အလွန်ပြောင်းလဲလွယ်ပြီး အဲ့ဒီအတွက် ကျနော်တို့ရဲ့ အသိပညာမှာ လစ်ဟာမှုတွေ အများကြီးရှိနေတုန်းပါပဲ။ ဒါပေမဲ့ “မဟာဗျူဟာမြောက် တဖက်နဲ့တဖက် အသာစီးမရနိုင်တဲ့ အခြေအနေ” ဆိုတဲ့ စကားလုံးမျိုးကို အခုအခါမှာ ပိုပြီး အသုံးများလာတာကို တွေ့ရပါတယ်။ လေ့လာသုံးသပ်သူအနည်းငယ်ကသာ စစ်ကောင်စီ အပြီးသတ်အနိုင်ရမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ အများစုကတော့ စစ်အုပ်စုဟာ ပုံစံတမျိုးမျိုးနဲ့ ဆက်လက်ရှင်သန်နေနိုင်သေးတယ် ဆိုတာကို လက်ခံလာကြပါပြီ။

ဥပမာ- ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေက စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ နေရာပိုပေးလာတယ် ဆိုတာကို ထောက်ပြလာကြပါတယ်။ သမိုင်းခေတ်ရဲ့တချိန်က နိုင်ငံတကာအသိုက်အဝန်းတခုလုံးနီးပါး ရှုတ်ချခဲ့တဲ့ စစ်အုပ်ဟာ အခုအခါမှာတော့ အသိအမှတ်ပြုမှု မဟုတ်တောင် နိုင်ငံတကာရဲ့သည်းခံမှုကို အတိုင်းအတာတခုအထိ စတင်ရရှိလာနေပြီဆိုတဲ့ ခံစားချက်မျိုး တိုးပွားလာနေပါတယ်။ မြန်မာစစ်အုပ်စုကို နိုင်ငံတကာအစည်းအဝေးတွေမှာ ပိုပြီးဖိတ်ကြားလာကြပါတယ်။ စစ်ဘက်အရာရှိကြီးတွေဟာ သူတို့ရဲ့မဟာမိတ် ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကိုသာမက တခြားနိုင်ငံရပ်ခြားခရီးစဉ်တွေကိုပါ ပိုပြီးသွားလာနေကြပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ကိုယ်စားပြုမှု လုံးဝမရှိတဲ့၊ အဓိပ္ပာယ်မဲ့ အတုအယောင်ပွဲတခုသာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲကနေ အစိုးရသစ်တခုတော့ ထွက်ပေါ်လာမှာပါ။ အဲဒီအစိုးရကို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားက အတိုင်းအတာတခုအထိ အသိအမှတ်ပြုမှုပေးမယ့် လက္ခဏာတွေ ရှိနေပါတယ်။ အနာဂတ်မှာ အရေးပါတဲ့ အစိုးရလုပ်ငန်းဆောင်တာတွေကို စစ်တပ်ကပဲ ထိရောက်စွာ ဆက်လက်ထိန်းချုပ်ထားလိမ့်မယ်ဆိုတာကို ဒီနိုင်ငံတွေဘက်က လက်ခံလိုတဲ့ သဘောထား ရှိနေပြီးသား ဖြစ်နေပါတယ်။ 

ဒီအထဲမှာ အထူးသတိပြုစရာကောင်းတာကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်ဟာ နွေဦးတော်လှန်ရေး အစောပိုင်းမှာ မပြတ်မသား ဖြစ်နေပုံရပြီး၊ အခုအခါမှာတော့ စစ်ဗိုလ်ချုပ်တွေဘက်ကို ပိုပြီးခိုင်ခိုင်မာမာ ရပ်တည်လာနေပါတယ်။ ပေကျင်းရဲ့ အဓိကအကျိုးစီးပွား‌ တည်မြဲဖို့ဆိုရင် စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲ နှစ်ခုစလုံးကို ထောက်ခံပေးတဲ့အပေါ် မူတည်နေတယ်လို့ တရုတ်က ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲက တရုတ်ပိုင်ဆိုင်မှုတွေကို “ပုဂ္ဂလိက” လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကာကွယ်တာ၊ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနယ်စပ်က EAOs တွေအပေါ် ဖိအားပိုပေးတာတွေလည်း လုပ်ဆောင်လာပါတယ်။

လွတ်လပ်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေးဗစ် မက်သီဆန်နဲ့ တခြားသူတွေ ထောက်ပြခဲ့သလိုပဲ၊ NUG ဟာ လက်ရှိမှာ ပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ စိတ်ဝမ်းကွဲပြားနေပြီး တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘုံမဟာဗျူဟာတခု ပျောက်ဆုံးနေပါတယ်။ သူတို့ဟာ စိစစ်သုံးသပ်မှုကို မခံနိုင်တဲ့ ရည်မှန်းချက် ကြီးကြီးမားမား ပြောဆိုမှုတချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သူတို့အတွက် အခွင့်အလမ်း ပြတင်းပေါက်ဟာ ပိတ်တော့မယ့်ပုံရှိနေပြီး၊ ပိုကြီးမားတဲ့ ထောက်ပံ့မှုတွေမရခဲ့ရင် တဖြည်းဖြည်းနဲ့ ညှိုးနွမ်းပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ ဒီအချက်တွေကလည်း လေ့လာသုံးသပ်သူတွေအတွက် ရှေ့အလားအလာကို ကြည့်မြင်နိုင်ဖို့ ခက်ခဲစေပါတယ်။

မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို နားလည်ဖို့ဆိုရင် ဓမ္မဓိဋ္ဌာန်ကျတဲ့ သက်သေ အထောက်အထားအပေါ် အခြေခံပြီး လေ့လာသုံးသပ်ဖို့ပါပဲ။ ဒါမှသာ လက်တွေ့ကျကျ သုံးသပ်ချက်တွေ ဖြစ်လာနိုင်မှာပါ။ ဒီလိုလေ့လာသုံးသပ်မှုမျိုးဆိုတာ မြန်မာပြည်တွင်း စစ်ပြီးသွားလိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေ မကြာခင်မှာ တိုင်းပြည်ကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကိုတော့ အားမပေးပါဘူး။

မြန်မာနိုင်ငံဟာ လေ့လာသုံးသပ်သူတွေအပေါ် အမြဲတမ်း အံ့အားသင့်စေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ လက်ရှိအခြေအနေရဲ့ နိမိတ်ပုံတွေဟာ သမိုင်းတပတ်ပြန်လည်ဖို့၊ စစ်အုပ်စု ဆက်လက်ရှင်သန်ဖို့၊ အတိုက်အခံအင်အားစုတွေ အစိတ်စိတ်အမြွှာမြွှာကွဲပြီး မှေးမှိန်သွားဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ ဆက်လက်တည်ရှိနေဖို့ကိုပဲ ညွှန်ပြနေပါတယ်။

အင်ဒရူးဆဲလ်သ်

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

( New Mandala ဝက်ဆိုက်တွင် ဆောင်းပါးရှင်  Andrew Selth ရေးသားထားသည့်  “Myanmar and the perils of prediction” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။  Andrew Selth သည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့ အခြေစိုက် The Griffith Asia Institute  မှ ဧည့်ပါမောက္ခ တဦးလည်း ဖြစ်သည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024