
ဒီနေ့မနက် Asia Times မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် David Scott Mathieson ရဲ့ “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ဆောင်းပါးအပေါ် ဝေဖန်တုံ့ပြန်ချက်ဆိုတဲ့ မိတ်ဆွေတယောက်ရဲ့ ရေးသားချက်လေးကို ဖတ်ရပါတယ်။
ဒီဆောင်းပါးက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားခဲ့တာမို့ တော်တော်များများလည်း ဖတ်ပြီးနေကြပြီလို့ ထင်ပါတယ်။ ခေါင်းစဉ်ကိုယ်တိုင်ကလည်း လူအများရဲ့ စိတ်ဝင်စားမှုကို ရယူသိမ်းပိုက်နိုင်တဲ့ ခေါင်းစဉ်မျိုးပါ။ အထူးသဖြင့် မြန်မာတွေ စိတ်ဝင်စားတဲ့ ခေါင်းစဉ်မျိုး ဖြစ်ပါတယ်။ “မြန်မာ့အရေးမှာ ပွပေါက်တိုးနေတဲ့ အနောက်နိုင်ငံက လှည့်ဖျားသူတွေရဲ့ သမိုင်းမှတ်တမ်းတခု” လို့ ဘာသာပြန်ရင် သင့်တော်မယ်ထင်ပါတယ်။ ဒီဆောင်းပါးဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အချင်းချင်းကြားမှာတောင် အချေအတင် ဆွေးနွေးရတဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်၊ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ရတဲ့ အပိုင်းလေးတွေလည်း တွေ့ရတယ်” လို့ မိတ်ဆွေက ရေးထားပါတယ်။ ဒါပေမဲ့ “နိုင်ငံတကာရောက် ရွှေ့ပြောင်းမြန်မာတွေ (Diaspora) နဲ့ နိုင်ငံတကာ အသိုက်အဝန်းက မဖြစ်မနေ သင်ယူရမယ့် အရေးကြီးတဲ့ သတင်းစကားနဲ့ သတိပေးချက်တွေလည်း ပါရှိနေတယ်” လို့ မိတ်ဆွေက ရေးထားပါတယ်။
ဒေဗစ်မက်သီဆင်ရဲ့ ရေးသားချက်ထဲမှာ မြန်မာစစ်အာဏာရှင်တစုနဲ့ ခရိုနီတွေဟာ တိုင်းပြည်အတွက် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ရမယ့်အစား သူတို့ပုံရိပ်ကောင်းဖို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်တွေကိုသုံးပြီး ကုန်ကျစရိတ်ကြီးမားတဲ့ အနောက်တိုင်းက ကြေးစား လော်ဘီတွေနဲ့ PR ကုမ္ပဏီတွေကို ထပ်ခါတလဲလဲ ငှားရမ်းခဲ့ပုံကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
မိတ်ဆွေကလည်း ဒီအချက်ကို မီးမောင်းထိုးပြထားပါတယ်။ စီးပွားရေးအသိုက်အဝန်းတွေရဲ့ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်မှုတွေကိုလည်း ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေဟာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်ပြီး စစ်ကောင်စီဘက်က မသိမသာ ထောက်ခံ ရပ်တည်နေပုံတွေအကြောင်း၊ တချို့ဆိုရင် တော်လှန်ရေးကို ထောက်ခံသူတွေအဖြစ် ဟန်ဆောင်ထားပြီး အတွင်းစည်းထဲအထိ ရောက်အောင်ဝင်ပြီးမှ သူတို့ရဲ့ အစီအစဉ် (Agenda) တွေကို တိတ်တဆိတ် အကောင်အထည်ဖော်နေကြတဲ့ အကြောင်းနဲ့ အကြံဉာဏ်တွေ အောင်မြင်ဖို့ လော်ဘီတွေကိုပါ ငှားရမ်းလာခဲ့တဲ့အကြောင်းတွေ ဖြစ်ပါတယ်။
တဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အဲဒီလိုလုပ်ဆောင်တာမျိုး မရှိတဲ့အကြောင်း၊ ကြေးစားလော်ဘီသမားတွေ ငှားရမ်းခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရတဲ့အကြောင်း၊ NUG အစိုးရရဲ့ သံခင်းတမန်ခင်း ကြိုးပမ်းမှုအတွက် တကယ်တမ်း အားပြုနေသူတွေဟာ မြန်မာပြည် ဒီမိုကရေစီရေးအတွက် စာနာထောက်ထားမှုအပြည့်နဲ့ ကြိုးပမ်းပေးနေတဲ့ အခမဲ့အကြံပေးတွေသာ ဖြစ်တဲ့အကြောင်းတွေကိုလည်း ဖြည့်စွက် ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက် ရွှေ့ပြောင်းမြန်မာ (Diaspora) အသိုင်းအဝန်းထဲမှာလည်း သဘောထားနှစ်မျိုး ရှိနေတဲ့အကြောင်း၊ တချို့က နိုင်ငံတကာကို ထိုးဖောက်ရာမှာ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်နေတာမျိုးဟာ တိုးတက်မှု နှေးကွေးတဲ့အတွက် ကြေးစား ပရော်ဖက်ရှင်နယ် လော်ဘီသမားတွေ ငှားရမ်းသင့်တယ်လို့ မြင်ကြတဲ့အကြောင်း၊ ဒါပေမဲ့ သမိုင်းတလျှောက် အတွေ့အကြုံတွေအရ လော်ဘီသမားကို ငှားရမ်းတာမျိုးဟာ ခေါင်းကြီးပိုင်းသတင်းကို ဖြစ်စေနိုင်တာ မှန်ပေမဲ့ အခြေမခိုင်တဲ့အကြောင်း၊ စစ်မှန်တဲ့ဆန္ဒနဲ့ ဘုံသဘောတူညီမှုအပေါ် အခြေခံတဲ့ လူထုအခြေပြု လှုပ်ရှားမှုတွေကသာ အမေရိကန်နိုင်ငံရေးမှာ အခြေခိုင်တဲ့အကြောင်း၊ ဒီလိုလုပ်ဆောင်ခြင်းကသာ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုနဲ့ နိုင်ငံတကာ အထောက်အပံ့ကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တယ်လို့ မြင်တဲ့အကြောင်း ရေးထားတာ တွေ့ရပါတယ်။
ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ
ဒီရေးသားချက်ကို ဖတ်ပြီးတဲ့အခါမှာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအခြေချသူတွေ သန်းနဲ့ချီပြီး ရှိနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆိုရင်လည်း သိန်းနဲ့ချီပြီး ရှိနေတယ်လို့ သိရပါတယ်။ ပြည်ပရောက် မြန်မာအများစုဟာ နွေဦးတော်လှန်ရေး စကတည်းက မြန်မာပြည်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာတွေလုပ်နေတာလဲ၊ ဘယ်လောက် ထိရောက်မှုရှိသလဲ၊ ဘယ်လိုလုပ်ရင် အခုထက်ပိုပြီး ထိရောက်မှုရှိမလဲ ဆိုတဲ့အပိုင်းနဲ့ ပတ်သက်ရင်တော့ အားနည်းချက်လေးတွေ ရှိနေသေးတယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် အခုလို “လော်ဘီငှားရမ်းခြင်း” ဆိုတဲ့ ကိစ္စရပ်တွေ ရေပန်းစားလာတဲ့အခါ ဒီအကြောင်းအရာက ပိုလို့တောင် အလေးနက်ထားပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ စစ်ကောင်စီနဲ့ သူ့ရဲ့ လက်ဝေခံ ခရိုနီတွေဟာ ဒေးဗစ်မက်သီဆင်ရဲ့ ဆောင်းပါးထဲကအတိုင်း အနောက်နိုင်ငံက လော်ဘီတွေကို ကြေးကြီးကြီးပေး ငှားလာကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေမှာတော့ အဲဒီလောက်များပြားတဲ့ ငွေကြေးကို သုံးစွဲဖို့ဆိုတာ အတော်လေး ခက်ခဲပုံပါပဲ။
တဖက်ကကြည့်တော့ ပြည်သူလူထုရဲ့ အလှူငွေ၊ ချွေးနှဲစာတွေ ဖြစ်နေပါတယ်။ ဒီငွေတွေကို သုံးမယ်ဆိုရင် တကယ်လည်း ထိရောက်မှုရှိမှဖြစ်မယ်၊ ခေါင်းကြီးပိုင်းသတင်းတွေထဲမှာ ပါရုံလောက်နဲ့လည်း အောင်မြင်တယ်လို့ ပြောဖို့ခက်တယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ၊ စစ်ကောင်စီနဲ့ ခရိုနီတွေလို လော်ဘီမငှားနိုင်ရင် နိုင်ငံရေးမျက်နှာစာမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ရတော့မှာလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။ မေးသင့်တဲ့မေးခွန်း ဖြစ်ပါတယ်။ ဒါပေမဲ့ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားအတိုင်း အခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဝေးရောက် ရွှေ့ပြောင်းမြန်မာတွေ ကိုယ်တိုင် ခြေနိုင်လက်နိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေလို့လည်း ပြောလို့ရပါတယ်။ ဒါကိုပဲ ပိုပြီးအခြေခံကျတဲ့ ချဉ်းကပ်မှုအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ အမေရိကားရောက် မြန်မာ့အရေး လှုပ်ရှားတွေလည်း ရှိနေကြပါတယ်။ အဲဒီနည်းလမ်းက ဘာလဲဆိုတော့ သက်ဆိုင်ရာ အစိုးရတွေ၊ လွှတ်တော်အမတ်တွေကို မိမိတို့ကိုယ်တိုင် ချဉ်းကပ် တိုက်တွန်း တောင်းဆိုတဲ့နည်းပဲ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေကိုယ်တိုင် တိုက်တွန်းတောင်းဆိုခြင်း
အစိုးရတွေ၊ လွှတ်တော်တွေကို တိုက်တွန်းတောင်းဆိုမှု (Advocacy) လုပ်တဲ့နေရာမှာ အထိရောက်ဆုံး နည်းကတော့ မြန်မာမဲဆန္ဒရှင်တွေကိုယ်တိုင် တိုက်တွန်းတောင်းဆိုတဲ့နည်းပဲ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့ အောက်လွှတ်တော်အမတ် (Congressman) တွေ၊ အထက်လွှတ်တော်အမတ် (Senator) တွေကို တိုက်ရိုက်ဆက်သွယ်ပိုင်ခွင့် ရှိပါတယ်။ အဲဒီအခွင့်အရေးကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့အတွက် နှိုးဆော်တာတွေ ရှိပေမဲ့ သိပ်မလုပ်နိုင်ကြတဲ့အတွက် သိသာထင်ရှားတဲ့ အောင်မြင်မှု မရနိုင်သေးတာလို့ မိတ်ဆွေက ပြောပြပါတယ်။
ယေဘုယျအားဖြင့်တော့ အမေရိကန်အစိုးရကို ထိတွေ့ဆက်ဆံပြီး တိုက်တွန်းတောင်းဆိုတဲ့ နည်းလမ်း (advocacy) သုံးခုရှိတယ်လို့ သိရပါတယ်။
ပထမတနည်းကတော့ အစိုးရအချင်းချင်း ထိတွေ့ဆက်ဆံပြီး တောင်းဆိုတဲ့နည်း ဖြစ်ပါတယ်။ NUG၊ NUCC၊ CRPH တို့က အမေရိကန်အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး လိုအပ်ချက်တွေကို တောင်းဆိုတဲ့နည်းဟာ ဒီနည်းနဲ့ အကျုံးဝင်လိမ့်မယ် ထင်ပါတယ်။ ဒုတိယတနည်းကတော့ အမေရိကန်ရောက် မြန်မာပြည်ဖွား မဲဆန္ဒရှင်တွေက မိမိတို့ရဲ့ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားပြုပြီး ရှိနေတဲ့ လွှတ်တော်အမတ်တွေနဲ့ ထိတွေ့ဆက်ဆံ၊ လိုလားချက်တွေကို တောင်းဆိုတဲ့နည်း ဖြစ်ပါတယ်။ “ဥပမာ ကျနော်တို့ ကျမတို့ရဲ့ မိခင်နိုင်ငံမှာ တတိုင်းပြည်လုံး ဘယ်လိုဘယ်ပုံ အတိဒုက္ခ ကျရောက်နေပါတယ်၊ ဘယ်လောက်ဆိုးဝါးတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရပါတယ်၊ ပြည်သူတွေအပေါ် ကျရောက်နေတဲ့ ဘေးအန္တရယ်တွေကို ဖယ်ပေးဖို့ ဘယ်အရာတွေကိုတော့ ဘယ်လိုလုပ်ဆောင်ပေးစေလိုပါတယ်” ဆိုပြီး မိမိနေတဲ့ မဲဆန္ဒနယ်မြေက အမတ်တွေကို တိုက်တွန်း တောင်းဆိုတဲ့နည်း ဖြစ်ပါတယ်။ နောက်တနည်းကတော့ စစ်ကောင်စီလုပ်သလို ပရောဖက်ရှင်နယ် လော်ဘီသမား (Professional lobbyist) ငှားတဲ့နည်း ဖြစ်ပါတယ်။
လွှတ်တော်နိုင်ငံရေး
အမေရိကန် အောက်လွှတ်တော်မှာ အမတ် ၄၃၅ ဦးနဲ့ အထက်လွှတ်တော်မှာ ၁၀၀ ဦး ရှိပါတယ်။ မြန်မာတွေ အနေများတဲ့ ကယ်လီဖိုးနီးယားဆိုရင် အောက်လွှတ်တော်အမတ် ၅၂ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ ဒုတိယဖြစ်တဲ့ တက္ကဆက်ပြည်နယ်မှာဆိုရင် အမတ် ၃၈ ဦးနဲ့ တတိယဖြစ်တဲ့ နယူးယောက်ပြည်နယ်မှာဆိုရင် ၂၆ ဦး ရှိတယ်လို့ သိရပါတယ်။ မယ်ရီလင်း၊ အင်ဒီယားနား စသဖြင့် တခြားနေရာတွေလည်း ရှိကြပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာ အမတ်တွေကို ထိတွ့ဆက်ဆံဖို့ဆိုရင် သူ့တို့ရဲ့ Website ကနေတဆင့် ဆက်သွယ်လို့ရပါတယ်။ Website မှာ သူတို့ကို ဆက်သွယ်လို့ရတဲ့ အီးမေးလ်ကို အလွယ်တကူ ရရှိနိုင်ပါတယ်။
ဥပမာအားဖြင့် Burma Act နဲ့ ပတ်သက်တဲ့ ရာဇဝင်ကို ပြန်ကြည့်လို့ရပါတယ်။ အဲဒီတုန်းက Burma Act ကို စတင်ခဲ့တာ ပရော်ဖက်ရှင်နယ် လော်ဘီသမားတွေက ဖြစ်တယ်ဆိုတာမျိုး ကြားသိရပါတယ်။ ဒီလိုစတင်ခဲ့ပေမဲ့လည်း Bill ဟာ အောက်လွှတ်တော်မှာတင် ရှေ့ဆက်တိုးလို့ မရတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင် အစစ်အမှန်တွေရဲ့ အသံကို ကိုယ်စားမပြုလို့ဘဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း မဲဆန္ဒရှင်တွေရဲ့ တကယ့် စစ်မှန်တဲ့ အသံတွေ ပါလာတော့မှ လွှတ်တော်အဆင့်ဆင့်ကို ဖြတ်ပြီး ဥပဒေအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဥပမာကို ကြည့်မယ်ဆိုရင် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိတယ်၊ သူတို့ရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါတယ် ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ အဲဒီနည်းကို အသုံးချမှု နည်းနေတယ်လို့ ကြားသိရပါတယ်။ မဲဆန္ဒရှင်အနေနဲ့ ဒီနည်းဟာ ဘယ်လောက်အထိ ထိရောက်တယ်၊ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိတာ၊ ဘာသာစကား အားနည်းချက်ရှိတာ၊ လွှတ်တော်အမတ်တွေနဲ့ ထိတွေ့ဆက်ဆံရဖို့ မဝံ့ရဲတာ စတဲ့အကြောင်းကြောင်းတွေကြောင့် လုပ်ဆောင်မှုတွေ အားနည်းနေတယ်လို့ မိတ်ဆွေက ပြောပါတယ်။
အနာသိရင် ဆေးရှိရမယ်
မြန်မာစကားမှာ အနာသိရင် ဆေးရှိတယ် ဆိုတဲ့ စကားရှိပါတယ်။ မိမိတို့ မိခင်နိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါဝေဒနာကို ကုဖို့၊ ဆေးဖော်စပ်နည်းကလည်း အဆင်သင့်ရှိပြီးသားလို့ မြင်မိပါတယ်။ အချိန်အတိုင်းအတာ တခုအတွင်းမှာ ဖိဖိစီးစီး အားထုတ်နိုင်ကြမယ် ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ကောင်းကျိုးကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ “Fundraising လုပ်တဲ့ဘက်တွေမှာ အားထည့်သလောက် အဲဒီဘက်မှာလည်း အားထည့်ရင် သိပ်ကောင်းမှာ” ပဲလို့ မိတ်ဆွေကပြောတော့ သူ့ရဲ့ “သောက” ကို မြင်မိပါတယ်။ သူကတော့ အဲဒီလို အားထည့်တာမျိုးကို သိပ်ဖြစ်စေချင်ပုံရပါတယ်။ အမေရိကားရဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ ဖရက်ဖက်ရှင်နယ် လော်ဘီသမားတွေတောင် မဲဆန္ဒရှင်တွေရဲ့ အသံမပါရင် လုပ်ဖို့ခက်တဲ့ အခင်းအကျင်းမျိုးပါ။ စစ်ကောင်စီက ပြည်သူလူထုကို ကိုယ်စားပြုတာမဟုတ်တော့ ဒီအလုပ်မျိုးကို သူတို့ လုပ်လို့မရပါဘူး။ သူလုပ်နိုင်တာက ကြေးစား လော်ဘီငှားတဲ့ အလုပ်ပါ။ တိုင်းပြည်ရဲ့ ဓနဥစ္စာကို သိမ်းကြုံး ရယူထားသူမို့ သူအားသာချက်ရှိတာကို သူအသုံးချတဲ့သဘောပါပဲ။
ကမ္ဘာကြီးကို မျက်လှည့်ပြမယ့်ပွဲ
လာမယ့် ဒီဇင်ဘာလမှာ အာဏာရှင်တစုက ကမ္ဘာသိ မျက်လှည့်ပွဲကြီးတပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ အားလုံးလည်း သိနေကြတဲ့အတိုင်း အတုအယောင် ရွေးကောက်ပွဲကြီးပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုကို လိုချင်တဲ့ စစ်ကောင်စီက ပရော်ဖက်ရှင်နယ် လော်ဘီတွေကို ဒေါ်လာသန်းချီပေးပြီးတော့လည်း ငှားရမ်းထားပြီးပါပြီ။ ဒီမိုကရေစီအင်အားစုတွေမှာတော့ အဲဒီလောက် သုံးနိုင်တဲ့ အနေအထားမျိုး မမြင်ရပါဘူး။ သုံးရင်ရော တကယ်ပဲ ထိရောက်မှာလားဆိုတဲ့ မေးခွန်း ရှိတဲ့အတွက် နောက်ဆုံးတော့ အဝေးရောက် မြန်မာပြည်သူတွေ၊ တနည်းအားဖြင့် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အားကိုပဲ သုံးရမှာဖြစ်ပါတယ်။
အမေရိကားရောက် ဒီမိုကရေစီရေး လှုပ်ရှားသူအချို့ကတော့ သူတို့အနေနဲ့ တရားဝင် မေတ္တာရပ်ခံ ပန်ကြားလွှာ (Petition) တွေလုပ်ဖို့ စပြီး စီစဉ်နေကြပါပြီလို့ ပြောပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဆိုရင်လည်း မဲဆန္ဒရှင်တွေအနေနဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အမတ်တွေကို Petition တွေကို ပို့ပြီး ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ တောင်းဆိုလို့ရပါတယ်။ လော့စ်အိန်ဂျလိ (LA) နဲ့ ဆန်ဖရန်စစ္စကို (SF) မှာတော့ congress.gov ကို ဘယ်လိုသုံးရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေ အချင်းချင်းကြား မြန်မာလိုရေးပြီး Facebook ကတဆင့် ဖြန့်ဝေထားပြီးပြီလို့ သိရပါတယ်။ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် town hall ဆွေးနွေးပွဲတွေ online meeting တွေ လုပ်တဲ့နည်းအပြင် စျေးရောင်းပွဲတော်တွေမှာ လက်တွေ့ပြတာမျိုးနဲ့ အများပြည်သူတွေ ပိုမိုပါဝင်နိုင်အောင် ကြိုးစားနေကြတယ်လို့ သိရပါတယ်။
လွှတ်တော်အမတ်တွေရဲ့သက်တမ်း
အမေရိကန်နိုင်ငံရေးမှာ ယေဘုယျအားဖြင့် အထက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းက ၆ နှစ် ရှိပေမဲ့ အောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းက ၂ နှစ်ပဲ ရှိပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့နိုင်ငံအကြောင်း မိမိတို့ကိုယ်တိုင် မပြောပြနိုင်ကြဘူးဆိုရင် အထက်လွှတ်တော်အမတ်တွေ ကိုယ်တိုင်တောင် အကုန်လုံးတော့ မသိနိုင်တဲ့ အနေအထားပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိနေလို့ပါပဲ။ ဒါကြောင့် အမတ်တယောက်က နိုင်ငံတခုချင်းစီရဲ့ အကြောင်းတွေကို ထုံးလိုချေ ရေလိုနှောက်နေအောင် သိဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အားသာချက်တခုလည်း ရှိပါတယ်။ သူတို့အတွက်ခန့်ထားတဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေတာဟာ အားသာချက်တခုပါ။ လွှတ်တော်အမတ်တယောက်ကို အကူဝန်ထမ်း ၅၈ ဦးထိ ရှိတယ်လို့ သိရတယ်။ သက်ဆိုင်ရာနိုင်ငံတွေအလိုက်၊ ဒေသအလိုက် ကျွမ်းကျင်သူတွေလည်း ရှိကြပါတယ်။ အရေးကြီးတာက အမတ်တွေလက်ထဲကို မိမိတို့ ရေးပို့လိုက်တဲ့စာတွေ ရောက်သွားဖို့ပါပဲ။ မိမိက မလုပ်နိုင်ဘူးဆိုရင်တော့ မိမိအသံကို သူတို့မကြားနိုင်တဲ့အတွက် မိမိနိုင်ငံရဲ့ ဖြစ်ကြောင်းစုံလင် (Narrative) လည်း သူတို့ဆီမှာ ရှိနေမှာ မဟုတ်တော့ပါဘူး။
မိမိတို့ရဲ့ပြောပြချက် (Narrative) သူတို့ဆီမှာ မရှိဘူးဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပေါ်လာတိုင်း (Myanmar Narrative) ကို ပရော်ဖက်ရှယ်နယ်လော်ဘီတွေ ကပဲ ထိန်းချုပ်ထားတာကို ခံကြရမှာ ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီဘက်က လော်ဘီတွေငှားပြီး သူတို့ကို ထောက်ခံလာအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အခါ တချို့က အားမလို အားမရ ပြောကြပါတယ်။ “အမေရိကားမှာ မြန်မာ့အရေးလှုပ်ရှားသူတွေ အများကြီးပဲ၊ သူတို့ ဘာလုပ်နေလဲ” ဆိုတဲ့စကားပါ။ တကယ်တော့ မလုပ်ကြတာမဟုတ်ဘူး။ အမေရိကားရောက် မြန်မာတွေ အပါအဝင် နိုင်ငံတကာရောက် မြန်မာအများစုဟာ တကယ့်ကို အပင်ပန်းခံပြီးကို လုပ်ဆောင်နေကြတာပါ။ လုပ်ကြလို့လည်း ဒီနေ့အထိ နွေဦးတော်လှန်ရေး အသက်ဆက်နေနိုင်တာပါ။ ဒါပေမဲ့ ထိရောက်အောင်လုပ်တဲ့အပိုင်းမှာ အားနည်းချက်ဖြစ်နေတဲ့ သဘောပါပဲ။ မဟာဗျူဟာကျကျ မလုပ်ဆောင်နိုင်တဲ့သဘောလို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေ အမြောက်အမြားရှိပေမဲ့ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ကြတဲ့အခါမှာ မြန်မာတွေအများအပြားရှိပေမဲ့ ဒီလူများစုကြီးရဲ့ အသံက တိုးနေပြီး ပရော်ဖက်ရှင်နယ်လော်ဘီတွေရဲ့ အသံက ပိုကျယ်သွားတဲ့ အဖြစ်မျိုးကို ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်အမတ်တွေရော၊ အစိုးရ ဌာနဆိုင်ရာဆီကိုရော မြန်မာပြည်နဲ့ပတ်သက်တဲ့ လွဲမှားတဲ့ အချက်အလက်တွေ၊ လိုသလိုပုံဖျက်ထားတဲ့ သတင်းစကားတွေ ရောက်သွားကြလေ့ ရှိကြပါတယ်။ ဒီလိုရောက်သွားမယ်ဆိုရင် အစိုးရတရပ်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ဦးတည်စေတာမို့ အမေရိကားရောက် ရွှေ့ပြောင်းမြန်မာတွေ သတိထားသင့်တဲ့ အချက်တွေလို့ မြင်မိပါတယ်။
လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူမလား
“တကယ်တော့ လုပ်နည်းလုပ်ဟန်ကလည်း အခက်ကြီးတော့ မဟုတ်လှပါဘူး။ မဲဆန္ဒရှင်တဦး အနေနဲ့ မိမိရဲ့ အမတ်နာမည်ကို အတိအကျ မသိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ဆိုရင်လည်း မိမိရဲ့ zip code နံပါတ်ကို congress.gov ဆိုတဲ့နေရာမှာ ရိုက်ထည့်လိုက်တာနဲ့ မိမိ မဲဆန္ဒနယ်မြေက အမတ်က ဘယ်သူလဲဆိုတာ နိုင်ပါတယ်။ ဒါဆိုရင် အမတ်မင်းရဲ့ Website ကို သွားလို့ရပါပြီ။ ဒီလိုသွားပြီးရင် မိမိရဲ့လိပ်စာနဲ့ အီးမေးလ်ကို ရိုက်ထည့်လိုက်လို့ ရပါတယ်။ တပြိုင်နက်တည်းမှာပဲ မိမိတောင်းဆိုချင်တာတွေ တောင်းဆိုခွင့်ရှိပါတယ်။ မိမိရေးတဲ့ အင်္ဂလိပ်စာကို အားမရဘူးဆိုရင်လည်း အခြားတယောက်ယောက်က ရေးပေးထားတဲ့ပုံစံငယ် (Template) ကို ကူးထည့် (Copy Paste) တာမျိုး လုပ်လို့ရပါတယ်။ မိမိဘာသာ မိမိရေးနိုင်တယ် ဆိုရင်တော့လည်း အကောင်းဆုံးပါပဲ။ အချိန်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါဆိုရင်လည်း အထက်မှာပြောသလို ကူးယူပြီး ဖော်ပြပေးလို့ ရပါတယ်။ ကြာချိန်က ၅ မိနစ်လောက်ပါပဲလို့ အမေရိကားက မြန်မာ့အရေးလှုပ်ရှားနေတဲ့ မိတ်ဆွေက ပြောဖူးပါတယ်။ ဒီလိုလုပ်ပေးမယ်ဆို မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့လူတွေကို ထိထိရောက်ရောက် ကူညီနိုင်ပါတယ်ဗျာ။” ဆိုပြီး သူကပြောတော့ ဒီအကြောင်းအရာကိုရေးဖို့ ဖြစ်လာခဲ့တာပါ။
နိုင်ငံတကာရောက် မြန်မာပြည်သူတွေဟာ ဒီနေ့ နွေဦးတော်လှန်ရေးမှာ တကယ့်ကို အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတာပါ။ ဘဏ္ဍာရေးအရ အကူအညီပေးနေသလို မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြီးတခုလုံး ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတွေလည်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာတွေကတော့ ပိုပြီး တာဝန်ကြီးကြပါတယ်။ သူတို့က ပိုပြီး ဗျူဟာကျကျ လုပ်ပေးခွင့်ရှိနေတဲ့အတွက်လို့ ဆိုရမှာပါ။ တနည်းအားဖြင့် ဒါကို အခွင့်အရေးလို့ ပြောလို့လည်း ရပါတယ်။ မိတ်ဆွေတယောက်က ပြောဖူးပါတယ်။ “အမေရိကန်နိုင်ငံရေးကိုပိုင်ရင် ကမ္ဘာကိုပိုင်တယ်၊ ဒါကြောင့် ခြေတိုအောင် ကမ္ဘာလှည့်သွားနေစရာ မလိုဘူး၊ အမေရိကန်နိုင်ငံရေးကိုပဲ ပိုင်အောင်လုပ်” လို့ပြောတော့ ဟုတ်သားပဲ ဆိုတဲ့ အတွေးဝင်မိတယ်။ ဒါကြောင့်လည်း အမေရိကားရောက် မြန်မာပြည်သူတွေက ပိုတာဝန်ကြီးတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ ဒါကို လက်ခံ နားလည်ပေးဖို့လည်း တောင်းဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်သူတွေရဲ့ သောကနဲ့ ဒုက္ခကို နားလည်ပြီးသားဖြစ်တာမို့ ဒီလို လုပ်ဆောင်ပေးဖို့လည်း ဝန်လေးကြမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ပါတယ်။ စည်းလုံးညီညွတ်မှု၊ ထိရောက်တဲ့ လုပ်ဆောင်မှုတွေနဲ့ စစ်ကောင်စီကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြည်ပရောက် မြန်မာပြည်သူတွေအားနဲ့ စုပေါင်းတိုက်ဖျက်ကြပါစို့လို့ တိုက်တွန်းရင်း …. ။
ယမင်းမြတ်အေး