
(က)
၁၉၉၃။
DVB ရဲ့ ပထမဆုံး သတင်းထောက်သင်တန်းပြီးတော့ သင်တန်းဆရာ နော်ဝေလူမျိုး ဆရာ “ယန်း အီးဂဲဗတ်”က သင်တန်းသားတချို့ကို တယောက်ချင်း ခေါ်တွေ့ပြီး သူ ပြန်တဲ့အခါ ဘာမှာချင်သလဲလို့ မေးပါတယ်။ ကျနော့်အထင် သင်တန်းသား သုံး ယောက်လောက် ဖြစ်မယ်လို့ ထင်ပါတယ်။
တယောက်ချင်း ခေါ်မေးခံရတဲ့ တခြားသူတွေ ဘယ်လို ဖြေကြသလဲတော့ မသိပါဘူး၊ ကျနော်ကတော့ ကျနော် လိုချင်တဲ့ စာအုပ်တချို့နဲ့ တခြာသင့်တော်မယ့်စာအုပ်တချို့ ပို့ပေးဖို့ မှာလိုက်ပါတယ်။
သူ ပြန်သွားပြီး တလကျော်အကြာမှာ ဇင်းမယ်မှာရှိတဲ့ NLD-LA နိုင်ငံခြားဆက်ဆံရေးရုံးကတဆင့် ထိုင်း-မြန်မာနယ်စပ် မာနယ်ပလောကို စာအုပ်ထုပ်တထုပ် ရောက်လာပါတယ်။ စာအုပ်တွေက ကျနော့်အတွက် ဆရာ “ယန်း အီးဂဲလ်ဘတ်” ဝယ်ပို့ပေးလိုက်တဲ့ စာအုပ်တွေပါ။ အဲဒီအထဲမှာ ကျနော် အရမ်းစိတ်ဝင်စားနေတဲ့ ဂျာမာန် ပဥ္စလက်သရုပ်မှန်ကဗျာဆရာ “ဂွန်တာ ဂရပ်စ်’ ရဲ့ လက်ရွေးစင် ကဗျာစာအုပ် တွေ့ရတော့တာပါပဲ။
အဲဒီတုန်းက စာအုပ်တွေ ကိုင်ကြည့်ပြီး ကျနော် မက်ခဲ့တဲ့ အိပ်မက်တခု မမျှော်လင့်ဘဲ တကယ်ဖြစ်လာပါလား ဆိုပြီး တော်တော်လေး စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျနော်က “ဂွန်တာ ဂရပ်စ်” ရဲ့ ကဗျာတွေ ဖတ်ခွင့် သူ့အကြာင်းတွေ သိခွင့်၊ အိပ်မက် မက်နေတဲ့ အချိန်မို့ပါ။
အဲဒီနှစ်ထဲမှာပဲ တော်လှန်ရေးဌာချုပ် မာနယ်ပလောကို ဂျာမန်သူ တက္ကသိုလ်ကျောင်းသူတဦး ထူးထူးခြားခြား ရောက်လာပါတယ်။ သူက သူ့မိခင်နဲ့အတူ လာလည်တာပါ။ မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ ကဗျာဝါသနာပါသူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး NLD-LA ဗဟိုဌာချုပ်ရုံးမှာပဲ စာပေသမား ၂၀ လောက်နဲ့ သူနဲ့ တွေ့ကြပါတယ်။
အမှတ်တရဖြစ်ဖို့ကောင်းတာက အဲဒီ ဂျာမန်တက္ကသိုလ်ကျောင်းသူနဲ့ အပြန်အလှန် စကားပြောကြပြီးတဲ့အခါ ကျနော်က နိဂုံးချုပ်အနေနဲ့ စကားတခွန်း မေးပါတယ်။
“လက်ရှိ ဂျာမနီမှာ ဘယ်ကဗျာဆရာဟာ နာမည်အကြီးဆုံးလို့ ထင်ပါသလဲ” လို့ မေးပါတယ်။ ဂျာမာန်ကျောင်းသူက သူ့မိခင်နဲ့ ဂျာမာန်လိုစကားတွေ အချီအချပြောပြီးမှ လက်ရှိမှာတော့ ကဗျာဆရာ “ဂွန်တာဂရပ်စ်” ဟာ နာမည်အကြီးဆုံးပါလို့ ဖြေပါတယ်။ အဲဒီအခါ ကျနော့် ဝါးအိပ်စင်လေးဆီပြေး၊ ဂွန်တာဂရပ်စ် လက်ရွေးစင်ကဗျာစာအုပ်ကို ယူ၊ သူတို့သားအမိကို ပြလိုက်တော့ သူတို့လည်း တအံ့တဩလည်း ဖြစ်၊ ဝမ်းလည်းသာကြပေါ့။ ကျနော့်အဖို့တော့ ကျနော် မက်ခဲ့ရတဲ့ အိပ်မက်အတွက် ပိုပြီး ပီတိဖြစ်ရပြန်တာပေါ့။
(ခ)
၁၉၉၆၊ နော်ဝေနိုင်ငံ မြို့တော်အော်စလို
ကျနော်က ရက်လွန်သတင်းစာတချို့ကို ထိုင်ဖတ်နေမိပါတယ်။ ကျနော် ဖတ်နေတဲ့ သတင်းစာထဲမှာ “ဂျာမာန်ကဗျာဆရာ ဂွန်တာ ဂရပ်စ် အော်စလိုကို ခေတ္တရောက်ရှိ” ဟူသော သတင်းခေါင်းစဉ်တခု သွားတွေ့လိုက်ပါတယ်။။ ချက်ချင်းဆိုသလို ကျနော့် တကိုယ်လုံး ပူနွေးသွားရပြီး သတင်းစာ ကိုင်ထားတဲ့ လက်တွေများ တုန်တုန်ယင်ယင်ပင် ဖြစ်ရပါတယ်။ လက်စသတ်တော့ ကျနော်က ကျနော် အလုပ်လုပ်တဲ့ရုံးနဲ့ မိနစ် ၂၀ ကျော်မျှသာဝေးတဲ့ ကာရိုဟန်ဘုရင့်နန်းတော်ပန်းခြံ ခုံတန်းတခုပေါ် ထိုင်ပြီး ကျနော် နှစ်နှစ်ခြိုက်ခြိုက်ဖြစ်နေတဲ့ ဂျာမာန်ကဗျာဆရာ ဂွန်တာဂရပ်စ်ရဲ့ “လက်ရွေးစင်ကဗျာ” စာအုပ်ကို သဲကြီးမဲကြီး ထိုင်ဖတ်နေစဉ် “ဂွန်တာဂရပ်စ်”က SAS ဟိုတယ်ပေါ်မှာ တည်းခိုနေခဲ့ ရှိနေခဲ့တာ ကျနော် မသိခဲ့။ ယင်း SAS ဟိုတယ်ကြီးပေါ်မှာပဲ “ဂွန်တာ ဂရပ်စ်” က နော်ဝေကဗျာဆရာတွေနဲ့ တွေ့ဆုံနေတုန်း ကျနော်က အဲဒီ ဟိုတယ်ကြီးရဲ့ရှေ့ကဖြတ် လျှောက်ပြီး ကာရိုဟန်ဘုရင့်ပန်းခြံဆီ တနေ့တခေါက် လမ်းလျှောက်သွားနေခဲ့ပါကလားဆိုတာ တွေးမိသွားပါတယ်။ အကယ်၍များ ဟော်တယ်ကြီးပေါ် “ဂွန်တာ ဂရပ်စ်” ရှိနေတာ ကျနော် သိခဲ့ရင် ဖြစ်ချင်တာဖြစ် ဟိုတယ်ကြီးထဲ ဝင်ပြီး သူ့ကို တွေ့ခွင့် တောင်းများတောင်းမိမလား။
အခုတော့ အော်စလိုကနေပြီး ဂွန်တာဂရပ်စ် ပြန်သွားတာ နှစ်ရက်ရှိပြီပဲ။ အမှတ်မထင် ကောက်ကိုင်ဖတ်မိတဲ့ သတင်းစာက ရက်လွန်သတင်းစာ။ နှစ်ရက်ပင် လွန်လာခဲ့ပြီပဲ။ ကျနော့်မှာ ကိုယ့်ကိုယ်ကိုယ် မချိတင်ကဲ ဖြစ်ရပြန်ပါတယ်။
(ဂ)
၁၉၉၉။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျနော်က NHEC ဗဟိုစာကြည့်တိုက်မှူး လုပ်နေစဉ် ကျနော်လေးစားနှစ်သက်ခဲ့ရတဲ့ ဂျာမာန်ကဗျာဆရာ “ဂွန်တာ ဂရပ်စ် “စာပေဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံရတဲ့သတင်း ထွက်လာပါတယ်။ အလိုလိုမှ ဂွန်တာဂရပ်စ် ကို ကြွေနေတဲ့ ကျနော့်အဖို့ သူကိုပိုပြီး လေးနက်ရပြန်တာပေါ့။ ပျော်လည်း ပျော်ရတာပေါ့။
“ဂွန်တာဂရပ်စ်” ကို လေးနက်လို့ သူ့ကဗျာတွေကို နှစ်ပေါင်းများစွာ ဖတ်ခဲ့ လေ့လာခဲ့ပါတယ်။ သူ့ကဗျာတချို့ ဘာသာပြန်နိုင်အောင် ကြိုးစားပါတယ်။ သူ့ကဗျာတချို့ ခံစားဖွင့်ဆိုတဲ့ အက်ဆေးတပုဒ်လည်း ရေးခဲ့ပါတယ်။ တခါတရံ ဝါသနာတူမိတ်ဆွေတွေကြား ဂွန်တာ ဂရပ်စ် ဋီကာ ဖွင့်ပြ ပြောပြရတာလည်း အတောမသတ်နိုင်ပါဘူး။
တနေ့ ဇင်းမယ်မှာနေတဲ့ စာရေးဆရာ “မောင်သာမည” ဆီက သတင်းတခု ရောက်လာပါတယ်။ ဆရာမောင်သာမညက ကျနော့်ကို “ကိုငြိမ်းဝေရေ ခင်ဗျား ဂွန်တာဂရပ်စ် တော့ ပြဿနာတက်နေတယ်ဗျ” လို့ လှမ်းပြောလာပါတယ်။ နောက်ပြီးတော့ ဂွန်တာဂရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းတချို့ ကျနော့်ဆီကို ထပ်ပို့ပါတယ်။ ကျနော့်ဆီ ရောက်လာတဲ့ သတင်းတွေ ဖတ်ပြီး ကျနော့်မှာ ငယ်ထိပ်မြွေပေါက်ဖြစ်ရတော့တာပါပဲ။
ကျနော် အရူးအမူး သဘောကျနေတဲ့ ကဗျာဆရာ “ဂွန်တာ ဂရပ်စ်” ဟာ တချိန်က ကမ္ဘာ့ရာဇဝတ်ကောင် ဟစ်တလာရဲ့ စစ်တပ်ထဲ ပါဝင်ခဲ့သူဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့ယဉ်ကျေးမှုနယ်ပယ်မှာ အတော့်ကို အုတ်အော်သောင်းတင်းဖြစ်တဲ့ သတင်းပါပဲ။ ကျနော်လည်း ဒီသတင်းတွေဖတ်ပြီး သုံး လေးရက်လောက် ထိုင်မရထမရ ဖြစ်ရပါတယ်။ ကျနော် လေးနက်ခဲ့ရတဲ့ ကဗျာဆရာ “ဂွန်တာဂရပ်စ်” တယောက် သူ ရထားတဲ့ နိုဘယ်လ်စာပေဆုကြီး ပြန်များအပ်ရတော့မှာလား ဆိုပြီး စိတ်ပူရပါတယ်။ ဒီကြားထဲ သူ မွေးရာဇာတိ ပိုလန်နိုင်ငံ ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု သူ ရသလို သူလိုပဲ အဲဒီဒန်းဇစ်မြို့တော်သားဆုရထားတဲ့ ကမ္ဘာကျော် ပိုလန်သမ္မတကြီး “လက်စ် ဝယ်လ်ဆာ” ကလည်း “ဂွန်တာ ဂရပ်”ဆီ စာရေးပြီး တောင်းဆိုပြန်ပါတယ်။ အကယ်၍ ဂွန်တာဂရပ်စ် အနေနဲ့ တချိန်က နာဇီဟစ်တလာနဲ့ ပတ်သက်ခဲ့တာ ဝန်မခံဘူးဆိုရင် ဂွန်တာ ဂရပ်စ် နည်းတူ သူရထားတဲ့ “ဒန်းဇစ် မြို့တော်သားဆု” ကို ပြန်အပ်မယ်လို့ ပြောလာပြန်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအသိုက်အဝန်းကလည်း ဂွန်တာ ဂရပ်စ်ဟာ အသက် ၇၀ နီးတဲ့အချိန်အထိ ဒီကိစ္စကို ဖုံးထားခဲ့ရမလားဆိုပြီး ဝိုင်းဝန်းအပြစ်တင်ကြပါတယ်။ ကျနော်လည်းပဲ ကိုယ် လေးစားရတဲ့ ကဗျာဆရာတယောက် ဖြစ်မှဖြစ်ရလေခြင်းစိတ်နဲ့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။
တိုတိုပြောရရင် သည်ကိစ္စဆိုးကြီးဟာ သူအသက် ၁၆ နှစ်ရွယ်မှာ ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ ပါခဲ့မိကြောင်း ထိုအချိန်က ဂျာမန်လူငယ်တိုင်းလိုလို ပါဝင်ခဲ့ကြတာမို့ ငယ်ရွယ်သေးတဲ့သူလည်း ပါဝင်ခဲ့တာဖြစ်ကြောင်း ဂွန်တာ ဂရပ်စ်တယောက် ထုတ်ဖော်ပြောဆိုရပါတယ်။ နောက်ပိုင်း သူ ထုတ်ဝေတဲ့ စာအုပ်ထဲမှာလည်း ဒီအကြောင်းကို အမှန်အတိုင်း ထည့်ရေးလိုက်ပါတယ်။ ဒီဂယက်ကြီးဟာ သူ့ရဲ့ ဝန်ခံပြောကြားပြီးနောက်ပိုင်း တဖြည်းဖြည်း တိမ်သွား၊ မှိန်သွားခဲ့တယ်လို့တော့ ပြောလို့ရပါတယ်။
အခု ဂွန်တာ ဂရပ်စ်ရဲ့ ကဗျာတပုဒ် မိတ်ဆက်ပေးလိုက်ပါတယ်။
မာန်နတ်
ဟောဒီ အိမ်ကြီးထဲ
သစ်စေ့တွေအကြောင်းသိတဲ့
ကြွက်တွေကအစ
ဘာမှမသိတဲ့ခိုတွေ အဆုံး
သူတို့နဲ့ငါ
အတူတကွ နေတယ်။
အိမ်အပြန် နောက်ကျခဲ့
ငါ့သော့နဲ့ အိမ်တံခါးကိုဖွင့်တယ်
ငါရှာဖွေနေခဲ့တဲ့ သော့ဟာ
ငါ့အိမ်ထဲ ဖွင့်ဝင်ဖို့
ငါလိုအပ်တဲ့ သော့ဆိုတာ
ငါ သတိပြုမိခဲ့။
ငါ
ဆာဆာလောင်လောင်ပဲ
ကြက်ပေါက်စလေးတကောင်
ငါ့လက်နဲ့ကိုင်ပြီး စားခဲ့
ငါစားတဲ့ အဲဒီကြက်ကလေး
ငါစားနေတဲ့အခိုက်
ကြက်ကလေးဟာ အေးစက်သေဆုံးနေတာ
ငါ သတိပြုမိခဲ့။
ပြီးတော့
ငါ မတ်တပ်ရပ်တယ်
ဘွတ်ဖိနပ်တစုံကို ငါ့လက်နဲ့ယူတယ်
ငါတို့ဟာ
ဖိနပ်တွေကို ချွတ်ဖို့ဆိုရင်
ရှေ့ကို ကုန်းရမယ်ဆိုတာ
ငါ သတိပြုမိခဲ့။
ငါ လှဲချလိုက်တယ်
စီးကရက်သောက်တယ်
ညရောက်တဲ့အခါ
ငါ
စီးကရက်ပြာတွေ ချွေချလိုက်တဲ့အချိန်
တစုံတယောက်ဟာ
သူ့လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်လိုက်တယ်။
ညအခါ
မာန်နတ်ရောက်လာပြီး
သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်
သူ့သွားတွေကို
ငါ့အရိုးပြာတွေနဲ့ တိုက်ချွတ်ဆေးကြောတယ်
ငါတို့
သူ့အံသွားတွေကြား
တွားတက်ပြီး ဝင်ကြရလိမ့်။
မှီငြမ်း။ ။ Selected Poem: Gunter Grass