Home
ဆောင်းပါး
ကျနော့်မျက်နှာ နှင့် လူ
DVB
·
August 1, 2025

မင်းအောင်လှိုင်သည် ယခုအခါ အရေးပေါ်အခြေအနေကို တရားဝင်အဆုံးသတ်ပြီး ၎င်းကပင် ယာယီသမ္မတ အဖြစ် ပြန်၍ ဦးဆောင်မည့် အဖွဲ့ဝင် ၁၁ ဦးပါ ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

တပည့်သားမြေးများ ပြောသည့်အတိုင်း လုပ်လာ၍ တရုတ်တို့ သက်မ တဝက်ချနိုင်ပြီ ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲလုပ်မည့်ရက်ကို မကြေညာသေးဘဲ ထစ်ထားပြန်၍ အပြည့်အဝတော့ သက်မ မချနိုင်သေး။

မင်းအောင်လှိုင်သည် နိုင်ငံတကာနှင့် ပြည်သူများကို ၎င်းတို့လောက်သာ အတွေးအခေါ်ရှိသည်ဟု ယူဆနေကြသူများ ဖြစ်သည်။

ယခုလည်း အားလုံးက မျှော်လင့်ထား‌သော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်‌ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ကို အာဏာလွှဲ‌ပြောင်းခဲ့ခြင်း ဖြစ်၍ ထူးမခြားနားသာ ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးသည် ၎င်းတဦးတည်း၏ လက်ထဲတွင် ဆက်ရှိနေဆဲပင် ဖြစ်သည်။

အရေးပေါ် အခြေအနေနှင့် စစ်အုပ်ချုပ်ရေးကို ရပ်သိမ်းလိုက်သည် ဆိုသော်လည်း ထိုနေရာတွင် ပို၍ ကြောက်စရာကောင်းသည့် ဥပဒေများ တရစပ် ထုတ်ပြန်အစားထိုးလာသည်။ ရွေးကောက်ပွဲကို နှောင့်ယှက် ဖျက်စီးပါက၊ ဆန့်ကျင် ပြောဆိုပါက ထောင်ဒဏ် သုံးနှစ်မှ သေဒဏ်အထိပင် ချမှတ်နိုင်သည်ဟု ပါရှိလာသည်။ ဤသည်ကပင် ၎င်းတို့စိတ်ထဲရှိ အကြောက်တရားကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

မင်းအောင်လှိုင်က ယခုအခါ ပထမအခန်းကို ကျော်လွန်ခဲ့ပြီဖြစ်၍ ဒုတိယအခန်း စတင် ရောက်ရှိလာပြီဟု ဆိုသည်။ လေးနှစ်ခွဲကြာမှ ပထမအခန်းပြီးသွား၍ သူ့စာအုပ်တွင် ဘယ်နှစ်ခန်း ရှိနေဦးမည် ဆိုသည်ကား မည်သူမျှ မသိနိုင်ပေ။ ဒုတိယအခန်းကိုကား “ကျနော့်မျက်နှာ နှင့် လူ” ကပင် ဦးဆောင်သွားမည်သာ ဖြစ်သည်။

ပထမအခန်းတခန်းထဲတွင်ပင် လူပေါင်း ၇,၀၁၃ ဦး သတ်ဖြတ်ထားခဲ့ပြီး ဖြစ်ပြီး ၂၀,၀၀၀ ကျော် အကျဉ်းချခံထားရသည်။

ယခုအခါ “ပြည်ထောင်စုအစိုးရ” ဆိုသည်အား ယခင် စစ်ကောင်စီနေရာတွင် “အမျိုးသားလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကော်မရှင်” နှင့်အတူ ပူးတွဲ ဖွဲ့စည်းလာခဲ့သည်။ မင်းအောင်လှိုင်၏ အကြံပေး ညိုစောသည် ဝန်ကြီးချုပ် ဖြစ်လာသည်။

ထိုမှတဖန် ထိုအဖွဲ့မှပင် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိတော့သော မြို့များကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးကို ပုံ မင်းအောင်လှိုင်၊ ယာယီသမ္မတ ဆိုကာ ကြေညာလိုက်ပြန်သည်။ ယင်းသည် တော်လှန်ရေး၏ အောင်ပွဲများကို လူထုအား ဝန်ခံ အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကချင်တွင် ၅ မြို့နယ်၊ ကယားတွင် ၃ မြို့နယ်၊ ကရင်တွင် ၂ မြို့နယ်၊ ချင်းတွင် ၇ မြို့နယ်၊ စစ်ကိုင်းတွင် ၉ မြို့နယ်၊ မကွေးတွင် ၅ မြို့နယ်၊ မန္တလေးတွင် ၃ မြို့နယ်၊ ရခိုင်တွင် ၁၄ မြို့နယ်၊ ရှမ်းတွင် ၁၅ မြို့နယ်၊ စုစုပေါင်း ၆၃ မြို့နယ် ဖြစ်သည်။

အဆိုပါ အောင်စာရင်းအရ ရှမ်းမြောက် ပထမ စွဲပြီး ကရင်တော်လှန်ရေးတပ်ဖွဲ့များ ဆက်၍ ကြိုးစားဖို့ လိုနေသေးသည်ကို တွေ့ရသည်။ အညာဒေသတွင် အများဆုံးဖြစ်လာသည်။ ဒီထက် သိက္ခာကျမည်စိုး၍လော၊ မင်းအောင်လှိုင် မသိအောင် ဖုံးဖိထား၍လော မသိ၊ နောက်ထပ် မြို့ ၃၀ ခန့် ကျန်နေသေးသည်။

လေ့လာသူများကမူ ရွေးကောက်ပွဲပြီးသွားလည်း ၎င်းသာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ်ကလည်း ထိုရာထူးနှစ်ခုစလုံးကို ထိန်းချုပ်နိုင်မည့် ရာထူးတခု ဖန်တီးကာ အကြွင်းမဲ့ အာဏာရှင်ပုံစံ တက်လှမ်းလာလိမ့်မည်ဟု တွက်ဆထားကြသည်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ မော်ဂန် မိုက်ကယ်က အရင်လူများသာ ပြန်ပါလာကြသည်ကို ကြည့်က ထိုလူများအားလုံးသည် အရပ်သားများထံ အာဏာပြန်လွှဲပေးကြမည် မဟုတ်သည်က သေချာ‌နေသည်ဟု ဆိုသည်။

ဖွဲ့စည်းပုံ ဖောက်ဖျက်သည် မဖြစ်အောင် လက်တလုံးခြား လိမ်လည်နေကြခြင်းမျိုးထက် မပိုပေ။ ပညာရေးဝန်ကြီးကိုပင် ခန့်အပ်ရန် မေ့ကျန်ခဲ့သည်ကို ကြည့်က မင်းအောင်လှိုင် တယောက်တည်း နာမည်များ ချရေးကာ ထုတ်ပြန်ခဲ့ပုံရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေးဗစ်စကော့ မေသီဆန်မှ နိုင်ငံရေးဇာတ်ခုံတခုသာ ဖြစ်ပြီး ရှိပြီးသား ပစ္စည်းများဖြင့် ပြန်၍ နေရာချကာ ပြဇာတ်ကို အမည်သစ်‌ ပေးလာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ကလေးများ လီဂို အတုံးလေးများဖြင့် တခုပြီးတခု ပြောင်းကစားနေခြင်းသာ ဖြစ်သည်ဟုလည်း တမ္ပဒီပမှ ဦးခင်ဇော်ဝင်းက ထောက်ပြခဲ့သည်။ 

မင်းအောင်လှိုင်သည် ရုပ်တည်ကြီးဖြင့် စစ်ကောင်စီ အဖွဲ့ဝင်များအား နှုတ်ဆက်ပွဲပင် လုပ်လိုက်သေးသည်။ နောက်တနေ့မှာပင် ထိုလူများအားလုံး ယူနီဖောင်းပင် မလဲဘဲ ကိုယ့်နေရာ ကိုယ်ပြန်ရောက်လာကြသည်ကား မြန်မာပေါကားများကပင် အရှုံးပေးလောက်ပေသည်။

အောက်တွင် ဖော်ပြသည့် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်သော စာကို ကြည့်မည်ဆိုက လွန်သည်ဟု ထင်ကြမည် မဟုတ်ပေ။

နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်အား ပယ်ဖျက်ခြင်း

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏တာဝန် ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိပြီး ဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်စွဲပါ အမိန့် ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်သည်။

ပုံ

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှုးကြီး

ယာယီ သမ္မတ (တာဝန်) ဟူ၍ ဖြစ်လေသတည်း။

ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း ထိုမျှလောက် ပေါချာချာ နိုင်လိမ့်မည်ဟု မျှော်လင့်မထားကြ‌သော်လည်း မည်သို့မျှ ထူးဆန်းအံ့ဩကြမည်တော့ မဟုတ်၊ စိတ်ပျက်လက်ပျက်လည်း ရှိကြမည်မဟုတ်ပေ။ ၎င်းတို့အဖို့ကား လွှတ်တော်ထဲဝင်ထိုင်၍ မည်သို့မျှ ဖြစ်လာမည်မဟုတ်သည့် ဥပဒေများကို အဆိုတင်ခွင့်ရရုံ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရုံမျှနှင့် ကျေနပ်နေကြမည့်လူများသာ ဖြစ်သည်။

ရွေးကောက်ပွဲသည် ဦးစားပေးရမည့် အကြောင်းအရာ မဟုတ်ဟု လူသိရှင်ကြား ပြောထားပြီး ဖြစ်သည့် အာဆီယံမှ မည်သို့တုံ့ပြန်လာမည် ဆိုသည်ကား စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

အာဆီယံသည် ၎င်းတို့ အဆိုပြုသည်များ အကောင်အထည်မဖော်ဟု ဆိုက NUG ကိုသာ တရားဝင် အသိအမှတ်ပြုတော့မည် ဆိုသော ခြိမ်းခြောက်စကားမျိုး ဆိုသင့်ပေသည်။

ပြည်သူတို့ ဆင်နွှဲနေသည့် တရားသောစစ် မုချ အောင်ရမည်!!!

The four most beautiful words in our common language: I told you so.

Gore Vidal

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024