Home
မြန်မာသတင်း
မြန်မာ့အရေးဥပဒေကြမ်း ၃ ခု တော်လှန်ရေးအတွက် အလားအလာကောင်းဟု သုံးသပ်
DVB
·
July 24, 2025

အမေရိကန်ကွန်ဂရက်လွှတ်တော်ကော်မတီတွေက အတည်ပြုလိုက်တဲ့ မြန်မာ့အရေး ဥပဒေကြမ်း ၃ ခုဟာ တော်လှန်ရေးအတွက် အလားအလာကောင်းဖြစ်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ 

ဒေသစံတော်ချိန် ဇူလိုင် ၂၂ ရက်နေ့က မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ BRAVE Burma Act ၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို အမေရိကန်ကွန်ဂရက်လွှတ်တော်ကော်မတီတွေက အတည်ပြုလိုက်ပြီး အောက်လွှတ်တော်ကိုတင်သွင်းဖို့ ပြင်ဆင်နေတာပါ။

BRAVE Burma Act  မူကြမ်းကို ငွေကြေးဆိုင်ရာကော်မတီက အတည်ပြုခဲ့တာဖြစ်ပြီး မူလက နောက်ထပ် ရည်ညွှန်းထားတဲ့ နိုင်ငံခြားရေးကော်မတီ၊ တရားရေးရာကော်မတီတို့ရဲ့ အတည်ပြုချက်ရယူပြီးရင် လွှတ်တော်နှစ်ရပ်မှာ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

Burma GAP Act ကတော့ မူလကတည်းက  နိုင်ငံခြားကော်မတီတခုတည်းကို ရည်ညွှန်းထားပြီး ကော်မတီက အတည်ပြုလိုက်တာကြောင့် လွှတ်တော် ၂ ရပ်မှာ တခါတည်း မဲခွဲဆုံးဖြတ်တော့ဖို့သာ ကျန်ပါတယ်။ 

No New Burma Funds Act ဟာလည်း မူလကတည်းက ငွေကြေးဆိုင်ရာကော်မတီတခုတည်းကို ရည်ညွှန်းထားပြီး ကော်မတီက အတည်ပြုလိုက်တာကြောင့်  လွှတ်တော် ၂ ရပ်မှာ မဲခွဲဆုံးဖြတ်တဲ့အဆင့်သာကျန်ပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ ဒီဥပဒေကြမ်းတွေကို အမေရိကန်အောက်လွှတ်တော် (House) မှာ မဲခွဲဆုံးဖြတ်ပြီး ဆီးနိတ် (အထက်လွှတ်တော်) မှာ ဥပဒေအဖြစ်အတည်ပြုဖို့ ဆက်လက်တင်သွင်းရတာပါ။ 

လွှတ်တော် ၂ ရပ်လုံးကအတည်ပြုပြီးရင်တော့ အမေရိကန်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအားလုံးပြီးမြောက်ဖို့ဆိုရင် နောက်ထပ်အချိန် တနှစ်နီးပါး ကြာမြင့်နိုင်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတယောက်က ခန့်မှန်းပါတယ်။

ဂျိမ်းစ်ရွှေ (လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့LA2M)  “ BRAVE Burma Act တခုပဲ Financial Services ရယ်၊ Foreign Affairs ရယ်၊ Judiciary ရယ် ကော်မတီ ၃ ခုကို စတင်တင်ချင်းတုန်းက သူတို့ညွှန်းထားလို့ အောက်လွှတ်တော်ရဲ့ စည်းမျည်းအရ သွားရတာပေ့ါလေ။ Burma GAP Act ကြတော့ Foreign Affairs တခုတည်းကိုပဲညွှန်းတယ်။ No New Burma Funds Act ကြတော့လည်း Financial Services တခုတည်းကိုပဲညွှန်းတယ်။ အဲ့ဒီတော့ ဒီနှစ်ခုက House(အောက်လွှတ်တော်)မှာ မဲခွဲလို့ရပြီ” လို့ ပြောပါတယ်။

BRAVE Burma Act ဥပဒေကြမ်းဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ Burma Act ရဲ့လုပ်ငန်းတွေ အလျင်အမြန်ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ 

BRAVE Burma Act ဥပဒေကြမ်းမှာ စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုတိုးမြှင့်ရေး၊ စစ်ကောင်စီ အာဏာသိမ်းကာလတလျှောက်လုံးမှာ အပြည်ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့ (IMF)  နဲ့ ဆက်စပ်မှုကို တားဆီးရေး၊ စစ်ကောင်စီကို စီးပွားရေးအရ ပံ့ပိုးသူတွေကို အမေရိကန်ကဖိအားပေးမှုမြှင့်တင်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။ 

BRAVE Burma Act မှာ မူလကပါဝင်တဲ့ မြန်မာ့အရေးအထူးသံတမန်ခန့်အပ်ရေးအချက်ကို ဥပဒေပြင်ဆင်တင်သွင်းတဲ့ Burma Caucus အဖွဲ့က ရှေ့ရက်ပိုင်းမှာ ဥပဒေကြမ်းထဲကနေ ဖယ်ထုတ်ခဲ့ပါတယ်။ 

လွှတ်တော်နိုင်ငံခြားရေးကော်မတီက ဥပဒေကြမ်းကိုအတည်ပြုရာမှာ သံတမန်ခန့်အပ်ရေးကိစ္စကြောင့် ကြန့်ကြာနိုင်တဲ့အတွက် ဖယ်ထုတ်ခဲ့တာလို့ Burma Caucus အဖွဲ့က အကြောင်းပြချက်ပေးထားပါတယ်။

ကိုရင်အေး(Save Myanmar USA) က “Special Envoy ကို ရွေးတဲ့နေရာမှာ ဘယ်သူ့ကို ရွေးမှာလဲဆိုတဲ့ အနေအထားက အရေးကြီးတယ်။ ကွန်ဂရက်စ်က ဘယ်လိုပဲလုပ်လုပ် ထရမ့်ပ်က သူတို့လုပ်ချင်ရာ လုပ်သွားလို့ရတဲ့ အနေအထားရှိတယ်။ Envoy ခန့်တဲ့ ကိစ္စတွေ ဘာတွေဆိုရင်လည်း သူတို့အစိုးရအဖွဲ့က ဆုံးဖြတ်မှာလေ။ အဲ့ဒီ Envoy က စစ်ကောင်စီအတွက် အောင်သွယ်ပေးမယ့် လူမျိုးဖြစ်သွားလို့ရှိရင် ကျနော်တို့ ဒုက္ခရောက်ပြီ။ များသောအားဖြင့်က အမေရိကန်အနေနဲ့ ပေါ်လစီကို သူတို့ တိုက်ရိုက်ပြောင်းပြန်လှန်လို့မရဘူး၊ သူတို့က အရေးယူပိတ်ဆို့မှုတွေ လုပ်ထားပြီးတော့ ချက်ချင်းပဲ စေ့စပ်ညှိနှိုင်းရေးလုပ်လို့မရဘူး၊ ဒါပေမဲ့ အဲ့ဒီကြားထဲမှာ ပေါ်လစီအပြောင်းအလဲလုပ်လို့ ရဖို့အတွက် လိုအပ်တဲ့အခင်းအကျင်းတွေ၊ ဇာတ်ညွှန်းတွေ၊ လုပ်ကြံတဲ့ အခင်းအကျင်းတွေ သူတို့လုပ်တတ်တယ်၊ ဆိုတော့ အဲ့ဒီအခင်းအကျင်းတွေ စလာနေပြီဆိုတာမျိုး ကျနော်တို့တွေ့နေရတယ်” လို့ ပြောပါတယ်။

Burma GAP Act ဥပဒေကြမ်းကတော့ မူလက Rohingya GAP Act နာမည်နဲ့ လွှတ်တော်ကော်မတီမှာ တင်သွင်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နာမည်ပြန်ပြောင်းလိုက်တာပါ။  

Burma GAP Act ဥပဒေကြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ နိုင်ငံတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအတွက် လူသားစာနအကူအညီပေးဖို့၊ လူမျိုးသုန်းသတ်ဖြတ်မှု နဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုပံ့ပိုးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ 

No New Burma Funds Act ဥပဒေကြမ်းကတော့ အတိုဆုံးနဲ့အရှင်းဆုံး ဥပဒေကြမ်းဖြစ်ပြီး လတ်တလောအခြေအနေတွေအရ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အရှိန်တန့်စေဖို့ အလားအလာအကောင်းဆုံး ဥပဒေကြမ်းဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

No New Burma Funds Act ဥပဒေကြမ်းမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်ဖို့၊ နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ကောင်စီကို ငွေလွှဲပေးပို့မှုရုပ်သိမ်းဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024