မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာကို စစ်တပ်ကက ဂျိုင်ရိုကော်ပတာ (gyrocopter) နဲ့ ဗုံးကြဲလို့ ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂျိုင်ရိုကော်ပတာ (gyrocopter) ၃ စီးဟာ မိတ္ထီလာလေတပ်ကနေ စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ လာရောက်ကြဲချခဲ့တာလို့လည်း ဒေသခံရွာသားတယောက်က ပြောပါတယ်။
“တိုက်ပွဲမရှိဘဲနဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ကျနော်တို့ရွာကို ကြဲချသွားတာ။ ကြဲချတဲ့နေရာက ရွာရဲ့အရှေ့ဘက် ရွှေစေတီကျောင်း နဲ့ ရွာတောင်ဘက် လယ်ကွင်းထဲကို ဗုံးသီး ၄ လုံး ကြဲချတာဗျ။”
ကျောက်တိုင်ရွာဟာ စစ်တပ်အထိုင်ချထားတဲ့ ဆုံရွာအနီးမှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြင်ခြံလူထူသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက “စစ်ရေးလှုပ်ရှားမှု မရှိဘဲ ကြဲချသွားတာ။ အသက် ၆၀ ကျော်အရွယ် ဒေါ်ခင်မြင့် ဆိုသူ လည်ပင်း ထိမှန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း အဆောက်အအုံ ပေါ်ဗုံးကြဲခံရမှုမှာတော့ သက်တော် ၆၀ ကျော်အရွယ်ရှိ သံဃာ ၁ ပါးပျံလွန်တော်မူကာ ဘုန်းကြီးကျောင်းအဆောက်အဦ ၂ လုံးလည်း ပျက်စီးသွားတယ်ဗျ။ အဓိကတော့ သူတို့စစ်တပ်အထိုင်ချထားတဲ့ ဆုံရွာကပျူတွေနဲ့ စစ်သားတွေက စစ်ရေးလှုပ်ရှားမှု တခုခု လှုပ်ရှားလာမှာကို ကြောက်ပြီး အခုလို ပြုလုပ်တာလို့ ကျနော်မြင်တယ်။ စစ်ရေးလှုပ်ရှားမှု ဘာမှရှိဘဲ အခုလိုလုပ်သွားတာဆိုတော့ ပြည်သူတွေဘဝက တော်လှန်ရေး အောင်မှသာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်မယ်။ ဒါကြောင့် တော်လှန်ရေးအမြန်ဆုံး အောင်မြင်အောင် ကြိုးစားကြရလိမ့်မယ်” လို့ DVBကို ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဆုံရွာနဲ့ အနီးတဝိုက်ကို ဩဂုတ်လ တလလုံး စစ်ကြောင်းထိုးနေပြီး မြင်းခြံနယ်မှာ မြေပြင် စစ်ရေးလှုပ်ရှားမှုက ငြိမ်နေပြီး မြင်ခြံအနီး မလှိုင်၊ တောင်သာ မြို့နယ်တွေဘက်ကို မြေပြင်စစ်ကြောင်းထိုးတာတွေ အပြင်းအထန်ပြုလုပ်နေတယ်လို့ သိရပါတယ်။