Home
နိုင်ငံတကာ
မိမိကို ဝေဖန်ဆန့်ကျင်သည့် ရုပ်သံလိုင်းများကို လိုင်စင်ရုပ်သိမ်းသင့်ဟု ထရမ့်ပ်ပြော
DVB
·
September 19, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အပေါ် ဝေဖန်ဆန့်ကျင်နေတဲ့ ရုပ်သံကွန်ရက်တချို့ကို လိုင်စင်ရုပ်သိမ်းသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ABC သတင်းဌာနက ရုပ်သံတင်ဆက်သူ ဂျင်မီကင်းမဲလ်ရဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင် (FCC) ရဲ့ ရပ်တည်ချက်ကိုလည်း ထရမ့်ပ်က ထောက်ခံခဲ့ပါတယ်။

“ရုပ်သံကွန်ရက် ၉၇ ရာခိုင်နှုန်းက ကျုပ်ကို ဆန့်ကျင်ကြတယ်လို့ ဖတ်ရပါတယ်။ ဒါပေမဲ့ ကျုပ် အလွယ်တကူ နိုင်ခဲ့တာပဲလေ” လို့ ထရမ့်ပ်က ဆိုပါတယ်။

“သူတို့က ကျုပ်အပေါ် လူထုအမြင်မကောင်းအောင်ဘဲ လုပ်နေတာ။ သူတို့ရထားတဲ့ လိုင်စင်ကို ရုပ်သိမ်းသင့်တယ်လို့ ကျုပ်ထင်ပါတယ်” လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဩဇာကြီးမားတဲ့ ထရမ့်ပ် ထောက်ခံသူ ချာလီကာ့ခ် လုပ်ကြံခံရမှုနဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့် ကင်းမဲလ်ရဲ့ အစီအစဉ်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ဒစ္စနေကုမ္ပဏီပိုင် ABC သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကင်းမဲလ်က လုပ်ကြံသူဟာ Maga ရီပတ်ဘလီကန်တယောက်ဖြစ်ကြောင်း အရိပ်အမြွက် ပြောခဲ့ပေမဲ့ ယူတားရ်ပြည်နယ် အာဏာပိုင်တွေကတော့ သေနတ်သမားဟာ “လက်ဝဲဝါဒ မှိုင်းမိနေသူ” လို့ သုံးသပ်ထားပါတယ်။

Maga အုပ်စုဟာ ချာလီကာ့ခ် လုပ်ကြံသူကို သူတို့ထဲကမဟုတ်ဘူးလို့ ပုံဖော်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကင်းမဲလ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ကာ့ခ်သေဆုံးမှုအပေါ် ထရမ့်ပ်ရဲ့တုံ့ပြန်ပုံဟာ “လေးနှစ်သားကလေး သူ့ရွှေငါးလေးသေလို့ ဝမ်းနည်းသလိုပဲ” လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

FCC က ABC သတင်းဌာနကို အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ Jimmy Kimmel Live! အစီအစဉ်ကို ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ပါတယ်။

ဗြိတိန်ကပြန်လာတဲ့ ထရမ့်ပ်က Air Force One လေယာဉ်ပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013