
အမေရိကန်ပြည်ထောင်စုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဗင်နီဇွဲလားနိုင်ငံဟာ သူ့ရဲ့ ကရစ်ဘီယံပိုင်နက်ထဲက လာအော်ချိလာကျွန်းပေါ်မှာ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၇ ရက်က စတင်ခဲ့ပြီး ဂျက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ကုန်းရေ ၂ သွယ်သုံး ယာဉ်တွေကို ပြသခဲ့ပါတယ်။
အချုပ်အခြာပိုင် ကရစ်ဘီယံလို့ အဓိပ္ပာယ်ရတဲ့ ကာရိဘဲဆိုဘေရာနို အမည်ရှိ ၃ ရက်ကြာ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတွေကို သမ္မတနိကိုလပ်စ်မာဒူရိုက အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပါဒရီနိုလိုပက်ဇ်က ပြောကြားခဲ့ပါတယ်။
အစိုးရရုပ်မြင်သံကြားမှာ အတန်းလိုက် တန်းစီပျံသန်းနေတဲ့ ဆူခွိုင်း တိုက်ဂျက်လေယာဉ်တွေနဲ့ ဗင်နီဇွဲလား ကမ်းရိုးတန်းတလျှောက် ရေတပ်သင်္ဘောတွေ စစ်ရေးလေ့ကျင့်နေတာတွေကို ပြသခဲ့ပါတယ်။
ဗီဒီယိုထဲမှာ လာအော်ချီလာ ကမ်းခြေတွေပေါ် ဆင်းသက်နေတဲ့ ကုန်းရေ ၂ သွယ်သုံး တင့်ကားတွေနဲ့ လုံခြုံရေး နေရာယူထားကြတဲ့ စစ်သားတွေကိုလည်း တွေ့မြင်ရပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ၄၃ စတုရန်းကီလိုမီတာလောက် ကျယ်ဝန်းတဲ့ ကျွန်းပိုင်နက်အပေါ် အချုပ်အခြာအာဏာကို ပြသဖို့ ရည်ရွယ်တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပါဒရီနိုက ကရာကာ့စ်ရှိ စစ်ဘက်နဲ့ ကာကွယ်ရေး စစ်ဆင်ရေးဌာနမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters