
ကာရစ်ဘီယံဒေသမှာ စက်တင်ဘာ ၂ ရက်က သင်္ဘောပေါ်က လူ ၁၁ ဦး သေဆုံးခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ “တရားမဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု”မှုဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယို့စ်ဒါးဒိုး ကာဘဲလ်ယိုက စက်တင်ဘာ ၃ ရက်မှာ ရှုတ်ချခဲ့ပါတယ်။
သူ့ရဲ့အပတ်စဉ် ရုပ်သံအစီအစဉ်ထဲမှာ ကာဘဲလ်ယိုက အမေရိကန်ရဲ့ လုပ်ဆောင်ချက်ဟာ တရားမျှတမှု မဟုတ်ဘဲ “ရိုင်းစိုင်းမှု” ဖြစ်တယ်လို့ ပြောလိုက်ပြီး ဝါရှင်တန်ဟာ တဖက်မှာ လူ့အခွင့်အရေးတရားတွေဟောပြီး တဖက်မှာတော့ မြန်မြန်ဆန်ဆန် သတ်ဖြတ်နေတဲ့ အပြောတမျိုး အလုပ်တမျိုး လုပ်ရပ်ပဲလို့လည်း စွပ်စွဲခဲ့ပါတယ်။
ကာဘဲလ်ယိုဟာ ပစ်ခတ် ဖျက်ဆီးခံထားရတဲ့ သင်္ဘောရဲ့ ဓာတ်ပုံတွေကိုလည်း ပြသခဲ့ပြီး ဒီစစ်ဆင်ရေးရဲ့ တရားဝင်မှုကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေကတော့ တရားမဝင် မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါဟာ အမေရိကန်က ကရစ်ဘီယံတောင်ပိုင်းကို နောက်ထပ် စစ်သင်္ဘောတွေ ချထားပြီးနောက်ပိုင်း ပထမဆုံးသော တိုက်ခိုက်မှုဖြစ်ပြီး မူးယစ်ဆေးဝါး-အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ(ထ်)ဟဂ်ဆသ် က တရားမျှတကြောင်း သတ်မှတ်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သင်္ဘောပေါ်မှာ “မူးယစ်ဆေးဝါး အများအပြား” ကို တွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေ စကားပြောဆိုထားကြတဲ့ အသံသွင်းတိပ်ခွေတွေလည်း ရှိကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ပင်တဂွန်ဟာ သင်္ဘောသားတွေ သို့မဟုတ် လူသေဆုံးမှု လုပ်ရပ်အတွက် အသုံးပြုခဲ့တဲ့ အထောက်အထားတွေနဲ့ပတ်သက်တဲ့အကြောင်း အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
သတ်မှတ်ထားတဲ့ မူးယစ်-အကြမ်းဖက်အဖွဲ့တွေကို အလားတူ တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်ကြောင်း အကြီးတန်းအရာရှိတွေက ထောက်ပြထားတာကြောင့် ဒီဖြစ်ရပ်ဟာ စစ်ဆင်ရေးအတွက် တရားဥပဒေရေးရာ အခြေခံနဲ့ ပိုမိုကျယ်ပြန့်တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။
ဒီလှုပ်ရှားမှုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လမ်းကြောင်းတွေကို တားဆီးနှောင့်ယှက်တဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မာကို ရူဘီယို က ပြောဆိုထားပေမယ့် ဗင်နီဇွဲလားနိုင်ငံကတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters