Home
နိုင်ငံတကာ
အမေရိကန် စစ်သင်္ဘောများရောက်လာသည့်အပေါ်  ဗင်နီဇွဲလားက ကုလသမဂ္ဂကို တိုင်ကြား
DVB
·
August 29, 2025
Photo :Reuters

လက်တင်အမေရိကမူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တောင်ကာရေဘီယံ ကျွန်းတွေနားမှာ အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောတစင်း အပါအဝင် စစ်သင်္ဘောတွေ တိုးမြှင့်ချထားခဲ့ပြီးတဲ့နောက် ဗင်နီဇွဲလားနိုင်ငံနဲ့ စစ်ရေးတင်းမာမှု မြင့်တက်လာခဲ့ပါတယ်။ 

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုကတော့ သူ့နိုင်ငံကို နျူကလီးယားရေငုပ်သင်္ဘောနဲ့ ခြိမ်းခြောက်တဲ့ "စစ်အင်အားသုံး ခြိမ်းခြောက်မှု သံတမန်ရေး" လို့ ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ထံကိုပါ ဗင်နီးဇွဲလားက တိုင်ကြားထားပါတယ်။

အမေရိကန်စစ်သင်္ဘော ၇ စင်းနဲ့ နျူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစင်း ရောက်နေပြီလို့ ယူဆရပြီး မရောက်သေးတဲ့ သင်္ဘောရှိရင်လည်း နောက်တပတ်ရောက်မယ်လို့ အမေရိကန်တာဝန်ရှိသူ တယောက်က ရိုက်တာကို အတည်ပြုပါတယ်။ 

ရောက်ရှိနေတဲ့ စစ်သင်္ဘောတွေထဲမှာ  USS San Antonio၊  USS Iwo Jima နဲ့ USS Fort Lauderdale တို့ ပါဝင်ပြီး ဒီသင်္ဘောတွေကို စစ်သည် ၄၅၀၀ အထိ တင်ဆောင်လာကြကာ ဒီအထဲမှာ မရိန်းတပ်ဖွဲ့ဝင် ၂,၂၀၀ ပါဝင်တယ်လို့ဆိုပါတယ်။

P-8 ထောက်လှမ်းရေးလေယာဉ်တွေလည်း နိုင်ငံတကာရေပိုင်နက်အတွင်း တောင်ကာရေဘီယံ ဒေသတဝန်း ပျံသန်းထောက်လှမ်းနေကြတယ်လို့ဆိုပါတယ်။

တောင်ပိုင်းကာရေဘီယံ ကျွန်းတွေနားမှာ အမေရိကန်ကမ်းခြေစောင့်တပ်တွေနဲ့ ရေတပ်သင်္ဘောတွေ ပုံမှန် သွားလာလေ့ရှိပေမဲ့ အခုအခါမှာတော့ ပုံမှန်ထက်များပြားတဲ့ အင်အားတိုးချဲ့ချထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရဟာ မက္ကဆီကိုက ဆီနိုလာဂိုဏ်းနဲ့ တခြားမူးယစ်ဂိုဏ်းတွေနဲ့အတူ ဗင်နီဇွဲလားက ထရန်ဒီအရာဂူအာ ဂိုဏ်းကို ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖေဖော်ဝါရီလကတည်းက ကြေညာထားပါတယ်။

မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဟာ အမေရိကန်အစိုးရရဲ့ အဓိက ရည်မှန်းချက်တရပ်ဖြစ်ပြီး ရွှေ့ပြောင်းအခြေချမှု ကန့်သတ်ဖို့နဲ့ တောင်ပိုင်းနယ်စပ်လုံခြုံရေး အားထုတ်မှုရဲ့ အစိတ်အပိုင်းလည်းဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားထားပါတယ်။

ဘာမစ်ရှင်ကို အကောင်အထည်ဖော်မှာလည်းဆိုတာ ပင်တဂွန်စစ်ဌာနချုပ်က ရှင်းရှင်းလင်းလင်း မပြောထားပေမဲ့၊ ထရမ့်ပ်အစိုးရကတော့ မူးယစ်ဂိုဏ်းတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို စစ်တပ်သုံးနှိမ်နင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

သမ္မတထရမ့်ဟာ မူးယစ်ဆေးဝါးတွေတိုင်းပြည်ထဲ ဝင်မလာအောင် အမေရိကန်စွမ်းပကားရဲ့ အစိတ်အပိုင်းတိုင်းကို အသုံးချသွားဖို့ အသင့်ရှိတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013