
ဗင်နီဇွဲလားနိုင်ငံဟာ ဒေသတွင်း လုံခြုံရေးနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရေးမှာ အားကောင်းစေဖို့ ကိုလံဘီယာနိုင်ငံနဲ့ ထိစပ်နေတဲ့ သူ့နယ်စပ်မှာ စစ်အင်အား ၁၅,၀၀၀ ကို ချထားကြောင်း သြဂုတ် ၂၅ ရက်မှာ ကြေညာပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါးဒိုး ကာဘယ်လ်ယိုက “သမ္မတ နီကိုလပ်စ်မာဒူရိုက ကာတာတွန်ဘို ဌာနေတိုင်းရင်းသားနယ်မြေမှ အထူးစစ်ဆင်ရေးကို အားဖြည့်ဖို့ အမိန့်ပေးခဲ့ပြီး ငြိမ်းချမ်းရေးဇုန်တွေအဖြစ် ဇူလီယာနဲ့ တာချီရာပြည်နယ်တွေမှာ အဓိကထားလုပ်ဆောင်မှာ” လို့ ပြောပါတယ်။
နယ်စပ်ဒေသမှာ ကင်းလှည့်ဖို့အတွက် ဒရုန်းလေယာဉ်တွေ၊ လှေတွေ၊ လေယာဉ်တွေနဲ့ တခြားမော်တော်ယာဉ်တွေကို အသုံးပြုသွားမှာဖြစ်ပြီး တာချီရာပြည်နယ်ရဲ့ နယ်စပ်အထိ ဗင်နီဇွဲလားဘက်မှ အမျိုးသားနဲ့ အမျိုးသမီးအင်အား ၁၅,၀၀၀ ကို စစ်ကူအဖြစ် တပ်ဖြန့်ထားဖို့ အမိန့်ပေးထားကြောင်းလည်း ဆိုပါတယ်။
အဲဒီတပ်ဖြန့်ချထားမှုဟာ နယ်စပ်ဒေသတလျှောက် လုံခြုံရေးကို မြှင့်တင်ဖို့နဲ့ မူးယစ်ဆေးဝါး ပြန့်ပွားမှုကို တားဆီးဖို့ ရည်ရွယ်ထားကြောင်းလည်း ဆိုပါတယ်။
လက်တင်အမေရိကတလွှား မူးယစ်ဆေးဝါးဆန့်ကျင်ရေး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ကရစ်ဘီယံတောင်ပိုင်းမှာ အမေရိကန်ဖျက်သင်္ဘောတွေ ရှိနေချိန်မှာပဲ အဲဒီကြေညာချက် ထွက်ပေါ်လာတာပါ။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ကာဘယ်လ်ယိုဟာ ဗင်နီဇွဲလားစစ်တပ်ကို ဖြန့်ကြက်ထားမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကိုလံဘီယာဘက်ခြမ်းက နယ်စပ်ဖြတ်ကျော်မှုတွေကို လုံခြုံအောင် လုပ်ထားဖို့လည်း ကိုလံဘီယာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
Source: Reuters