
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရလဒ်ဆိုးရွားခဲ့ပေမဲ့ ဘဏ္ဍာရေးတနှစ်အတွင်းမှာ စံချိန်တင်ဝင်ငွေရရှိ ခဲ့ကြောင်း မန်ယူအသင်းက ထုတ်ပြန်သွားပါတယ်။
မနှစ်ကရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ သာ ရရှိခဲ့ပေမဲ့ စပွန်ဆာစာချုပ်တွေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကနေရရှိတဲ့ ဝင်ငွေတွေအပါအဝင် ဘဏ္ဍာရေးတနှစ်တာကာလအတွင်းမှာ စုစုပေါင်း ပေါင် ၆၆၆ ဒသမ ၅သန်း ဝင်ငွေရရှိခဲ့တာပါ။
မန်ယူအသင်းဟာ ရင်ဘတ်စပွန်ဆာ Snapdragon နဲ့ ၅ နှစ်စာချုပ်အရ ပေါင်သန်း ၃၀၀ ကျော်ဝင်ငွေ ရရှိခဲ့သလို ပွဲနေ့အတွင်းရုပ်သံထုတ်လွှင့်မှုကနေလည်း ပေါင်သန်း ၁၆၀ အထိဝင်ငွေရရှိခဲ့တာပါ။
စိန်ခေါ်မှုတွေများတဲ့ နှစ်ကာလအတွင်းမှာ စံချိန်တင်ဝင်ငွေရရှိခဲ့တာက မန်ချက်စတာယူနိုက်တက်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကို ပြသခဲ့တာ ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် အိုမာဘာရာဒါက ပြောပါတယ်။
အခုနှစ်ရာသီမှာလည်း ဝင်ငွေတိုးတက်ဖို့အပြင် ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ တခြားကိစ္စတွေမှာလည်း တိုးတက်မှုတွေရှိလာဖို့ အစွမ်းကုန်ကြိုးပမ်းနေကြောင်း မန်ယူအမူဆောင် အရာရှိချုပ်က ပြောသွားပါတယ်။
Photo: Reuters