
မန်ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ထက် တန်းဆင်းရဖို့ ရာခိုင်နှုန်းက ပိုများကြောင်း စူပါကွန်ပြူတာက တွက်ချက် ထုတ်ပြန်လိုက်ပါတယ်။
ဘောလုံးအချက်အလက်စုဆောင်းရေး ကုမ္ပဏီတခုဖြစ်တဲ့ Opta ရဲ့ စူပါကွန်ပြူတာကနေ တွက်ချက်မှုအရ မန်ယူနိုက်တက် လာမယ့်နှစ် ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ၄ ဒသမ ၁၈ ရာခိုင်နှုန်းသာရှိပြီး တန်းဆင်းရဖို့က ၁၀ ဒသမ ၉၅ ရာခိုင်နှုန်း ရှိနေတာပါ။
တန်းဆင်းရဖို့ ရာခိုင်နှုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ထက် ၂ ဆကျော် ရှိနေတာဖြစ်ကြောင်း စူပါကွန်ပြူတာက ထုတ်ပြန်ခဲ့တာပါ။
မန်ယူနည်းပြ အာမိုရင်ကတော့ သူ့ရဲ့ ကိုယ်ပိုင်ကစားကွက်ကို စွန့်လွှတ်ဖို့မရှိဘဲ ဆက်လက်သုံးစွဲသွားမှာ ဖြစ်ကြောင်းနဲ့ အသင်းမှာဆက်ရှိနေသမျှ အသင်းအတွက် အကောင်းဆုံး ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပြီး အနာဂတ်ကိစ္စက မိမိဆုံးဖြတ်မှာမဟုတ်ကြောင်း ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားသွားတဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်းကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပွဲစဉ် ၄ အပြီးမှာ အဆင့် ၁၄ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။