
အကြမ်းဖက်မှု၊ အကြောက်တရားနဲ့ သင်းခွဲမှု သင်္ကေတအဖြစ် အသုံးပြုသူတွေလက်ထဲ ဗြိတိန်အလံတော်ကို လက်နက်ချ အပ်နှံသွားမှာ မဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောကြားလိုက်ပါတယ်။
ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး အဓိကရည်ရွယ်တဲ့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲကြီးမှာ လူ တသိန်းခွဲကျော် တက်ရောက်ခဲ့အပြီးမှာ ဝန်ကြီးချုပ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ယာအစွန်းရောက် လှုပ်ရှားသူ တွမ်မီရော်ဘင်ဆင် စီစဉ်တဲ့ စက်တင်ဘာ ၁၃ ရက်က ဆန္ဒပြပွဲဟာ အကြီးအကျယ် အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တန်ပြန်ဆန္ဒပြတဲ့ Stand Up To Racism အဖွဲ့ရဲ့ ပွဲမှာတော့ လူ ၅,၀၀၀ လောက်ပဲ ပါဝင်ခဲ့ပါတယ်။
ဒီအလံဟာ မတူကွဲပြားတဲ့နိုင်ငံကို ကိုယ်စားပြုပြီး လမ်းမတွေပေါ်မှာ လူတွေကို သူတို့ရဲ့ နောက်ခံအခြေအနေ၊ အသားအရောင်ကြောင့် ခြိမ်းခြောက်ခံရတာမျိုးကို လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။
ပြည်သူတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရှိပေမဲ့ ရဲတွေကို တိုက်ခိုက်တာမျိုး လက်မခံဘူးလို့လည်း ဝန်ကြီးချုပ်က စက်တင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
၁၃ ရက်နေ့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် ၂၆ ယောက် ဒဏ်ရာရခဲ့ပြီး ၄ ယောက်က ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ လူ ၂၄ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
လန်ဒန်က ဆန္ဒပြသူတွေကို အမေရိကန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ဗီဒီယိုလင့်ခ်ကနေ မိန့်ခွန်းပြောခဲ့ပါတယ်။
“ပြန်တိုက်မလား၊ အသေခံမလား” လို့ မတ်စ်ခ်က မေးခွန်းထုတ်ခဲ့ပြီး ထိန်းချုပ်မရနိုင်တော့တဲ့ အလုံးအရင်းနဲ့ ရွှေ့ပြောင်းအခြေချမှုအပေါ် ရည်ညွှန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်မှာ တော်လှန်တဲ့ အစိုးရအပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ပီတာကိုင်းလ်ကတော့ မတ်စ်ခ်ရဲ့ မှတ်ချက်တွေဟာ “လုံးဝမသင့်တော်ဘူး” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
Source: Reuters