Home
မြန်မာသတင်း
ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်
DVB
·
September 13, 2025

တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဝန်းကျင်ကို စက်တင်ဘာ ၁၂ ရက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲချိန်  ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် ထိခိုက်မှုရှိတယ်လို့ KNU- MTD ဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၁၁) နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်ရဲ့ တိုက်လေယာဉ်က ထိခိုက်မှု ရှိပြီးနောက် မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အသုံးပြုကာ ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာ အချိန် ၈ လကျော် ရှိပြီလို့ သိရပါတယ်။

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေယာဉ်ရဲ့ ရဟတ်ယာဉ် အစီး ၂၀ ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ချမှုကြောင့် ပျက်ကျခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013