
မက္ကဆီကိုနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို စာပို့စနစ်မှတဆင့် ပစ္စည်းတင်ပို့မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး တန်ဖိုးနည်း ကုန်သွယ်ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်သက်သာခွင့်ကို ဝါရှင်တန်မှ ရုတ်တရက် ဖျက်သိမ်းလိုက်မှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့ဆန့်ကျင်မှုလှိုင်းမှာ ပါဝင်လိုက် ပါတယ်။
ကနေဒါ၊ ဂျပန်၊ သြစတြေးလျ နဲ့ ဂျာမနီ တို့ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တို့ဟာ အမေရိကန်ကို စာတိုက်မှ ပစ္စည်းပေးပို့ ဝန်ဆောင်မှုကို ဆိုင်းငံ့ထားခြင်းနဲ့ ကန့်သတ်ထားခြင်းတွေကို တုံ့ပြန် လုပ်ဆောင်ခဲ့ပါတယ်။
လောလောလတ်လတ် သမ္မတ ထရမ့်ပ် လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်ကြောင့် အမေရိကန် ဒေါ်လာ ၈၀၀ အောက် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို အကောက်ခွန်ကင်းလွတ် ခွင့်ပြုထားတဲ့ တန်ဖိုးနည်းကုန် အခွန်ကင်းလွတ်ခွင့်က ပျက်ပြယ်သွားပါတယ်။
ဩဂုတ် ၂၉ ရက်မှစပြီး အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနတို့ဟာ နိုင်ငံတကာ ပါဆယ်တင်သွင်းမှု အားလုံးကို တန်ဖိုးမခွဲခြားဘဲ စံအကောက်ခွန် နှုန်းထားတွေ စတင် ကျင့်သုံးတာ ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကြောင့် တကိုယ်ရေ ပစ္စည်းပေးပို့မှုနဲ့ လုပ်ငန်းအသေးစား တင်ပို့မှုတွေ အခက်အခဲ ကြုံရပါတယ်။
အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှတဆင့် မူဘောင်အသစ်ရဲ့ စည်းကမ်းချက်တွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့အထိ သူ့ရဲ့ဝန်ဆောင်မှုကို ဆိုင်းငံ့ထားမယ်လို့ မက္ကဆီကိုက ပြောပါတယ်။
အခု ဆိုင်းငံ့ထားမှုထဲမှာ ရိုးရိုးစာအိတ်တွေနဲ့ ပို့စကတ်တွေတောင် ပါဝင်ပါတယ်။ မက္ကဆီကိုစီးတီး စာတိုက်ရုံးမှ ဝန်ထမ်းတွေကတော့ ဒီဆိုင်းငံ့မှုကြောင့် နိုင်ငံရဲ့ အသက်သာဆုံး စာပို့ဝန်ဆောင်မှုကို အားကိုးကြတဲ့ နေ့စဉ် သုံးစွဲသူ ထောင်ပေါင်း များစွာကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောကြပါတယ်။
နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ လေ့လာသုံးသပ်သူ အော်စ်ကာ လေယွန် ကတော့ ဒီအစီအမံဟာ သေးငယ်တဲ့ အခွန်အကောက်တွေကို ကောက်ခံဖို့ အမေရိကန်အစိုးရရဲ့ အချိန်နဲ့ အသုံးစရိတ်ကို သက်သာစေဖို့ နည်းလမ်းတခုဖြစ်ပြီး အစပိုင်းမှာ အွန်လိုင်းကုန်သွယ်မှုမှာ သိသိသာသာ သက်ရောက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လုပ်ငန်းတွေနဲ့ အွန်လိုင်းစျေးဝယ်သူတွေအတွက် ကုန်ကျစရိတ်တွေ တိုးလာမှာဖြစ်ပြီး ပို့ဆောင်ချိန်ကိုလည်း နှောင့်နှေးသွားမှာပါ လို့လည်း သုံးသပ်ခဲ့ပါတယ်။
Source:Reuters