
ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၉ ရက်က အစ္စရေးရဲ့ လုပ်ကြံသတ်ဖြတ်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ စစ်ပွဲအဆုံးသတ်ရေးအပေါ် ပါလက်စတိုင်းအဖွဲ့ရဲ့ စည်းကမ်းချက်တွေကို ပြောင်းလဲမှာမဟုတ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ဟားမတ်စ်တာဝန်ရှိသူ ဖောဇီ ဘာရ်ဟုမ်က အစ္စရေးဟာ ဟားမတ်စ် စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲရဲ့ နေအိမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဖွဲ့ဟာ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆွေးနွေးနေချိန်မှာပဲ သူ့ရဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒိုဟာရှိ ဟားမတ်စ် လှုပ်ရှားမှု ဌာနချုပ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအပြီးမှာ အာရပ်ခေါင်းဆောင်တွေအနေနဲ့ အစ္စရေးနိုင်ငံအပေါ် တရားဥပဒေနဲ့ နိုင်ငံရေးအရ အရေးယူဖို့ ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုလိုက်ပါတယ်။
“ဒီ ပြင်းထန်တဲ့ ရာဇ၀တ်မှုနဲ့အတူ တခြားဇီယွန်ဝါဒီတွေရဲ့ ရာဇ၀တ်မှုတွေကြောင့် ဟားမတ်စ်ရဲ့ ရပ်တည်ချက်ကို လုံးဝပြောင်းလဲမှာမဟုတ်ဘဲ ဂါဇာကမ်းမြောင်မှ သိမ်းပိုက်ထားတဲ့ အစ္စရေးစစ်တပ်တွေ အပြီးအပြတ် ဆုတ်ခွာရေး၊ စစ်မှန်တဲ့ အကျဉ်းသားလဲလှယ်ရေး၊ ပါလက်စတိုင်းပြည်သူတွေ သက်သာခွင့်နဲ့ ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေးတို့ကို အဆုံးသတ်ရေး ဆိုတဲ့ ဟားမတ်စ်ရဲ့ တောင်းဆိုချက်တွေအပေါ် ခိုင်ခိုင်မာမာ ထပ်လောင်း အတည်ပြုထားတယ်။”
သေဆုံးသွားသူတွေထဲမှာ ပြည်ပရောက် ဂါဇာအကြီးအကဲလည်းဖြစ်တဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး ခါလိလ် အယ်လ်-ဟေယာရဲ့ သားဖြစ်သူ ဟမ်မန် အယ်လ်-ဟေယာ နဲ့အတူ ဟာားမတ်စ် လုံခြုံရေးအဖွဲ့ဝင် ၄ ယောက်လည်း ပါဝင်ပါတယ်။
ဈာပနအခမ်းအနားကို ကာတာနိုင်ငံမှ ကာတာစော်ဘွား တာမီးမ် ဘင် ဟမတ် အယ်လ်-ထနီလည်း တက်ရောက်ခဲ့ပြီး သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်က ကာတာမြို့တော် ဒိုဟာမှာ တိုက်ခိုက်မှုနဲ့ ဟားမတ်စ်တွေရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သတ်ဖြတ်ဖို့ အစ္စရေးက ကြိုးစားခဲ့တာဖြစ်ပြီး အစ္စရေးက သူ့ရဲ့စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လိုက်တာဟာ အမေရိကန်နဲ့ အစ္စရေး အကျိုးစီးပွားနဲ့ မပတ်သက်တဲ့ တဖက်သတ် တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ အမေရိကန်က ဖော်ပြထားပါတယ်။
Source: Reuters