
ဒီသီတင်းပတ်ထဲမှာ ပိုလန်လေပိုင်နက်ထဲကို ရုရှားဒရုန်းတွေ ချိုးဖောက်ဝင်လာခဲ့ပြီးနောက်မှာ ပြင်သစ်ဟာ ပိုလန်ကို သူ့လေပိုင်နက် ကာကွယ်ရေးအတွက် ကူညီဖို့ ရာဖေးလ် ဂျက်တိုက်လေယာဉ် ၃ စီး ဖြန့်ကြက်ချထားပေးမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက စက်တင်ဘာ ၁၁ ရက်က X လူမှုကွန်ရက်မှာ ပြောပါတယ်။
“ဥရောပတိုက်ကြီးရဲ့ လုံခြုံရေးဟာ ကျနော်တို့ရဲ့ ထိပ်တန်းဦးစားပေးပါပဲ။ ရုရှားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတာကို ကျနော်တို့ လက်လျှော့မှာမဟုတ်ပါဘူး။”
ပိုလန်နိုင်ငံကို ရုရှားဒရုန်းတွေ ကျူးကျော်ဝင်ရောက်ပြီးနောက် ပိုလန်လေပိုင်နက်ကို ကာကွယ်ဖို့နဲ့ NATO ရဲ့ မဟာမိတ်တွေနဲ့အတူ NATO ရဲ့ အရှေ့ဘက်နယ်စပ်အပိုင်းကို အထောက်အကူ ဖြစ်စေဖို့အတွက် ရာဖေးလ် ဂျက်တိုက်လေယာဉ် ၃ စင်းကို ဖြန့်ကြက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပိုလန်ဝန်ကြီးချုပ်ကို ကတိကဝတ် ပြုခဲ့ပြီးတော့ NATO အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အရှေ့ဘက် နယ်စပ်အပိုင်းကာကွယ်ရေးမှာ အလားတူ လုပ်ဆောင်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်နဲ့လည်း ဆွေးနွေးထားကြောင်းလည်း သမ္မတ မက်ခွန်းက ပြောထားပါတယ်။
ပိုလန်နယ်မြေထဲကို ရုရှားဒရုန်းတွေ ဝင်ရောက်လာတာနဲ့ပတ်သက်လို့ NATO အဖွဲ့၊ ဗြိတိန်၊ ဂျာမနီ၊ ယူကရိန်းတို့က ရုရှားရဲ့ သိသာထင်ရှားတဲ့ရန်စမှုအဖြစ် ဝေဖန်ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ဒါပေမဲ့ ကရင်မလင်နန်းတော်က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မသက်ဆိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားဒရုန်းတွေဟာ ယူကရိန်းအနောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ပိုလန်ရှိ ဘာပစ်မှတ်ကိုမှ ထိမှန်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ပိုလန်ကို ရုရှားဒရုန်းတွေ ကျူးကျော်ခြင်းဟာ အမှားတခုဖြစ်နိုင်ပြီး ဒီအခြေအနေ တခုလုံးနဲ့ ပတ်သက်လို့ စိတ်မချမ်းသာရကြောင်းနဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
Source: Reuters