Home
နိုင်ငံတကာ
မြောက်ကိုရီးယားခေါင်းဆောင်က သမီးဖြစ်သူကို ဆက်ခံသူအဖြစ် ပုံဖော်လာ
DVB
·
September 11, 2025
Photo: KCNA via REUTERS

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို သမီးဖြစ်သူ ကင်မ်ဂျူအဲကို အတူခေါ်ဆောင်ခဲ့ပြီးနောက်မှာ နောက်တက်လာမယ့် ဆက်ခံသူအဖြစ် အခိုင်အမာ ပုံဖော်လာခဲ့တယ်လို့ တောင်ကိုရီးယား ဥပဒေပြုအမတ်တွေက နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ကင်မ်ဂျူအဲဟာ ပေကျင်းခရီးစဉ်အတွင်း မြောက်ကိုရီးယားသံရုံးမှာ နေထိုင်ခဲ့ပြီး လူအများရဲ့ အာရုံစိုက်မှုကို ရှောင်ရှားခဲ့ပေမဲ့ သူ့ဖခင်နဲ့အတူ နိုင်ငံရပ်ခြားခရီးစဉ်မှာ ရှိနေတာနဲ့တင် အာဏာရှင်ရဲ့ အလားအလာရှိတဲ့ ဆက်ခံသူအဖြစ် အဓိပ္ပာယ်ဖော်ဆောင်ဖို့ လုံလောက်နေပြီလို့ တောင်ကိုရီးယား ပါလီမန်ထောက်လှမ်းရေးကော်မတီမှ ဥပဒေပြုအမတ် အီဆုန်းဂွမ်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲ တို့ရဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို ဖော်ထုတ်လို့မရအောင် သဲလွန်စတွေကို ရှင်းလင်းခဲ့ပါတယ်။

ဇီဝဆိုင်ရာ သတင်းအချက်အလက်တွေထဲမှာ ဒီအန်အေ မျိုးရိုးဗီဇအချက်အလက်၊ ကျန်းမာရေးနဲ့ ကိုယ်ခံအား အချက်တွေနဲ့ ဆံပင်၊ အရေပြားနမူနာ စတဲ့ အချက်အလက်တွေကို ထိတွေ့မှုနည်းပါးအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်လို့ လွှတ်တော်အမတ် အီဆုန်းဂွမ်းက ပြောပါတယ်။

သားအဖ ၂ ယောက်စလုံး မြောက်ကိုရီးယားသံရုံးမှာပဲ နေပြီး ထောက်ပံ့ရေးပစ္စည်းတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

အခုလအစောပိုင်းမှာ ကင်မ်ဂျုံအန်းဟာ ပေကျင်းကို မကြုံစဖူး ပြည်ပခရီးထွက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့အတူ ပခုံးချင်းယှဉ်ပြီး မတ်တတ်ရပ်ကာ စစ်ရေးပြချီတက်ပွဲကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024