
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လောင်စာခဲသုံး ဒုံးကျည်အင်ဂျင် စမ်းသပ်မှုကို စစ်ဆေးခဲ့ပြီး ဒီလိုမျိုး အင်ဂျင်တီထွင်မှုဟာ သူ့ရဲ့နျူကလီးယားတပ်ဖွဲ့အတွက် အရေးကြီးတဲ့ အပြောင်းအလဲကို ညွှန်ပြနေတာလို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၉ ရက်မှာ ဖော်ပြပါတယ်။
အခုစမ်းသပ်မှုဟာ အင်ဂျင်ရဲ့ ၉ ကြိမ်မြောက် မြေပြင်ဂျက် စမ်းသပ်မှုဖြစ်ပြီး ဒါဟာ အင်ဂျင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွက် နောက်ဆုံးစမ်းသပ်မှုလည်းဖြစ်တယ်လို့ KCNA က ပြောပါတယ်။
တွန်းအားမြင့် လောင်စာခဲအင်ဂျင်ကို တီထွင်ခြင်း အောင်မြင်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လတ်တလော ကာကွယ်ရေးပိုင်း အဆင့်မြှင့်တင်ရေးအတွက် အရေးကြီးဆုံး ရလဒ်တွေထဲကတခု ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ပြောကြောင်း KCNA က ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကင်မ်ဂျုံအန်းရဲ့ ရှားရှားပါးပါး ပြည်ပခရီးစဉ်အဖြစ် ပေကျင်းမှာ စစ်ရေးပြအခမ်းအနား သွားတက်ရောက်ခဲ့ပြီး အပြန်မှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၃ ရက်နေ့က တရုတ်နိုင်ငံကို မသွားရောက်ခင်မှာ ဒုံးကျည်ဓာတ်ခွဲခန်းကို အရင်ဝင်ရောက်ခဲ့တာလို့ နိုင်ငံပိုင်မီဒီယာ KCNA က ဆိုပါတယ်။