
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝူဝမ်ဆစ်နဲ့ စက်တင်ဘာ ၃ ရက်က လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း ဝူဝမ်ဆစ်ရဲ့ ရုံးခန်းက ပြောကြားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ တရားဝင်လက်နက်ချခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပနေတဲ့ တရုတ်နိုင်ငံက ပေကျင်းမြို့က စစ်ရေးပြအခမ်းအနားကို သူတို့ ၂ ယောက် ရောက်ရှိနေတာဖြစ်ပြီး အခမ်းအနားမစခင်မှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြတာလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ ရုံးခန်းက ကြေညာချက်ထဲမှာ ပြောထားပါတယ်။
အဲဒီအခမ်းအနားမှာ ဝူဝမ်ဆစ်က တောင်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခဲ့တာပါ။ ဝူဝမ်ဆစ်ဟာ ပေကျင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ရုရှားခေါင်းဆောင်က သူ့ကို ကင်မ်ဂျုံအန်းဆီကိုပေးချင်တဲ့ သတင်းစကား ရှိ၊ မရှိ မေးမြန်းခဲ့တယ်လို့လည်း ဝူဝမ်ဆစ်ရဲ့ ရုံးခန်းက ပြောပါတယ်။
ဝူဝမ်ဆစ်ကလည်း ခက်ခဲတဲ့ အခြေအနေတွေ ရှိနေပေမဲ့လည်း ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အခုအချိန်က အလွန်အရေးကြီးကြောင်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့အတူ ဝူဝမ်ဆစ်ဟာ အထူးသဖြင့် တင်းမာတဲ့ ဆက်ဆံရေးကာလတခု ပြီးသွားခဲ့ပြီး နောက်မှာ ဆိုးလ်နဲ့ ပြုံယမ်းအကြား တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်စတင်ဖို့ ဝူဝမ်ဆစ်က တောင်းဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ ဆိုးလ်မှ ကမ်းလှမ်းမှုတွေကို ငြင်းဆိုထားပြီး တောင်ကိုရီးယားနဲ့ စကားပြောဖို့ စိတ်မဝင်စားကြောင်း ပြောကြားထားပါတယ်။
ပေကျင်းကို မထွက်ခွာခင်မှာ ဝူဝမ်ဆစ်က ကင်မ်ဂျုံအန်းနဲ့ တွေ့နိုင်ဦးမလားဆိုတာ မသေချာဘူးလို့ ပြောဆိုပြီး၊ ဒါပေမဲ့သူဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မလဲ ဆိုတာကို ဆွေးနွေးချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Source: Reuters