
မက္ကဆီကိုစီးတီးရှိ အဝေးပြေးလမ်းမပေါ်မှာ ဓာတ်ငွေ့သိုလှောင်ကန်ပါ မော်တော်ယာဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုစီးတီး အစိုးရအကြီးအကဲ ကလာရာ ဘရူဂါဒါက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
မက္ကဆီကိုပြည်နယ် အစွန်းရှိ အစ်ဇ်တာ ပါလာ့ပါနဲ့ ချာလ်ကို နယ်စပ်အနီး အဝေးပြေးလမ်းမပေါ်မှာ ဂက်စ် ထရပ်ကားတစီး တိမ်းမှောက်ပြီးတော့ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့တော်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံအသီးသီးကို ပို့ဆောင်ခဲ့ပြီး အာဏာပိုင်တွေက အဲဒီဒေသမှာ အန္တရာယ်ကို ထိန်းထားနိုင်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ဘရူဂါဒါက သတင်းထောက်တွေကို ပြောပါတယ်။
၁၉ ယောက်ထက်မနည်းဟာ ဒုတိယအဆင့်နဲ့ တတိယအဆင့် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကျန်တဲ့ ဒဏ်ရာရသူတွေလည်း ထိခိုက်မှု ပြင်းထန်ကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ မော်တော်ယာဉ် ၂၈ စီးထက်မနည်း ပျက်စီးသွားပါတယ်။
မက္ကဆီကိုစီးတီး မီးသတ်သမားတွေဟာ တိမ်းမှောက်နေတဲ့ နောက်တွဲယာဉ်အတွင်းရှိ မီးတောက်တွေကို လုံး၀ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ကုန်တင်ကား တိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters