Home
နိုင်ငံတကာ
အငတ်ဘေးဆိုက်နေသည့် ဂါဇာမြောက်ပိုင်းတွင် ပေါက်ကွဲမှုများစွာဖြစ်ခဲ့
DVB
·
August 24, 2025
Photo: Gaza City Officially in Famine, With Hunger Spreading, Says Global Hunger Monitor

ဂါဇာမြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ အငတ်ဘေးကိုခံစားနေရပြီလို့ ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေးစောင့်ကြည့်ရေးအဖွဲ့က တရားဝင်ဆုံးဖြတ်ခံထားရချိန် သြဂုတ် ၂၄ ရက်အစောပိုင်းက ဂါဇာမြောက်ပိုင်းမှာ ပေါက်ကွဲမှုတွေ အများကြီးဖြစ်ခဲ့လို့ ညကောင်းကင်ယံမှာ လင်းထိန်နေခဲ့ပါတယ်။

စားနပ်ရိက္ခာဖူလုံမှုအဆင့် အမျိုးအစားခွဲခြားခြင်း စနစ် (IPC) က ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ လူပေါင်း ၅၁၄,၀၀၀ နီးပါးဟာ အငတ်ဘေးကြုံနေပြီး စက်တင်ဘာလကုန်မှာတော့ လူပေါင်း ၆၄၁,ဝဝဝ အထိ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။ 

ဂါဇာအုပ်ချုပ်ရေးဒေသလို့ လူသိများပြီး ဂါဇာမြို့ကိုလွှမ်းခြုံထားတဲ့ မြောက်ပိုင်းဒေသမှာ လူပေါင်း ၂၈ဝ,၀၀၀ လောက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ၂ နှစ်နီးပါးကြာနေတဲ့ စစ်ပွဲနောက်ပိုင်း အငတ်ဘေးဆိုက်နေတယ်လို့ IPC က ပြောပါတယ်။

IPC ဟာ အာဖရိကအပြင်ဘက်မှာ ငတ်မွတ်ခေါင်းပါးမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပြီး လာမယ့်လကုန်ပိုင်းမှာ ဒီယာအယ်လ် ဘာလာနဲ့ ခန်းယူးနစ်တို့ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဆီ ငတ်မွတ်ခေါင်းပါးမှု အခြေအနေတွေ ပျံ့နှံ့သွားလိမ့်မယ်လို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့က ခန့်မှန်းခဲ့ပါတယ်။

မြောက်ဘက်ကအခြေအနေဟာ ဂါဇာစီးတီးထက်တောင် ပိုဆိုးနိုင်ပေမယ့် အကန့်အသတ်ရှိတဲ့ အချက်အလက်တွေက အမျိုးအစားတိတိကျကျခွဲမရအောင် ဟန့်တားထားတယ်လို့ IPC က ပြောပါတယ်။

တွေ့ရှိချက်တွေကို မှားယွင်းပြီးဘက်လိုက်မှုအဖြစ် အစ္စရေးကပယ်ချခဲ့ပြီး IPC ဟာ မကြာသေးမီက ရိက္ခာဝင်ရောက်လာမှုကို ထည့်သွင်းမစဉ်းစားဘဲ ဟားမတ်စ်တွေကပေးတဲ့ အချက်အလက် တစိတ်တပိုင်းအပေါ် အခြေခံခဲ့တယ်လို့ပြောပါတယ်။

အစ္စရေးတင့်ကားတွေက ဂါဇာမြို့ ဆာဘရာရပ်ကွက်ဆီ လှိမ့်ဝင်လာပြီး မြို့ကိုသိမ်းပိုက်ဖို့ စစ်ဆင်ရေးချဲ့ထွင်နေပုံကို အယ်လ်ဂျားဇီးယားသတင်းဌာနက ဩဂုတ် ၂၄ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

UNICEF ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှု တရားဝင်ကြေညာထားပြီး အခြေအနေက ကလေးအများအပြားအတွက် “အလွန်နောက်ကျနေပြီ” လို့ သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ လူ ၈ ယောက် ငတ်ပြတ်သေဆုံးသွားခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူဦးရေဟာ ကလေးငယ် ၁၁၄ ယောက် အပါအဝင် ၂၈၁ ယောက်အထိ ရှိလာခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် အနည်းဆုံး လူ ၆၂,၆၂၂ ယောက် သေဆုံးပြီး ၁၅၇,၆၇၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013