Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အသစ် ဟားမတ်စ် လက်ခံ
DVB
·
August 19, 2025
Photo: REUTERS/Amir Cohen

ဂါဇာကမ်းမြောင်အတွက် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို ဟားမတ်စ်ဘက်က လက်ခံလိုက်ပြီး အစ္စရေးဓားစာခံတချို့နဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကြား အလဲအထပ်လုပ်ဖို့ ရှိကြောင်း သိရပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်းဒေသတွင်း ဖျန်ဖြေပေးသူတွေအနေနဲ့ ကာတာနဲ့ အီဂျစ်တို့က အဆိုပြုချက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီကမ်းမြောင်ဒေသရဲ့  အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးမှာ အစ္စရေးဘက်က မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အလျောက် ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြတာပါ။

အဲဒီသဘောတူညီချက်အရ ဟားမတ်စ် ဖမ်းထားပြီး ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံ အယောက် ၅၀ ထဲက ထက်ဝက်လောက်ကို အသုတ်နှစ်သုတ်ခွဲရင်း ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီထဲက ဦးရေ ၂၀ ကိုသာ အသက်ရှင်နေသေးတယ် ဆိုပြီး ယုံကြည်ထားကြပါတယ်။

အပြန်အလှန်အဖြစ် အစ္စရေးဘက်က ရက် ၆၀ ကြာ အပစ်ရပ်မှာဖြစ်သလို စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေကိုလည်း တပြိုင်နက် ပြုလုပ်သွားဖို့ ရှိပါတယ်။

တဖက်က အစ္စရေးရဲ့ တုံ့ပြန်ချက်ကို မသိရသေးပေမဲ့လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ “ဓားစာခံအားလုံး တချိန်တည်း ပြန်လွှတ်ပေးမှသာ သဘောတူညီချက်ကို လက်ခံမယ်” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

အခုသီတင်းပတ် နှောင်းပိုင်းမှာလည်း အစ္စရေးစစ်တပ်ရဲ့ ဂါဇာစီးတီးသိမ်းပိုက်ရေး အစီအစဉ်ကို အစိုးရအဖွဲ့က အတည်ပြုပေးဖို့ ရှိနေပါတယ်။

အဲဒီနောက် နေတန်ယာဟုရဲ့ ကြေညာချက်ထဲမှာ ပါလက်စတိုင်း ဒေသခံ ၂ ဒသမ ၁ သန်းထဲက အများစု ခိုလှုံရာနေရာတွေ အပါအဝင် ဂါဇာတခုလုံးကိုပါ သိမ်းပိုက်မယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင်  ဂါဇာမှာရှိနေတဲ့ အိမ်ခြေ ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိခိုက်ပျက်စီးနေပြီ ဖြစ်တဲ့အပြင် ရေ၊ မိလ္လာ၊ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေပါ ပြိုလဲလျက်ရှိကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ ဓားစာခံအားလုံးကို ပြန်လွှတ်ပြီး ဟားမတ်စ်အဖွဲ့ လက်နက်ချမှသာ စစ်ကြီးပြီးလိမ့်မယ်လို့ ပြောထားပါတယ်။

ဟားမတ်စ်ဘက်ကလည်း လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတခုကို ထူထောင်ပြီးမှသာ လက်နက်စွန့်မှာ​ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ ကလေးငယ် ၂ ယောက် အပါအဝင် ဒေသခံ ၅ ယောက်ဟာ အာဟာရချို့တဲ့မှုကြောင့် ထပ်မံသေဆုံးခဲ့ရပြီး အလားတူ သေဆုံးခဲ့ရသူ စုစုပေါင်း ၂၆၃ ယောက်အထိ မြင့်တက်လာပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013