
စစ်ပွဲဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ကို “မဟာအစ္စရေး” အစီအစဉ်နဲ့ အစ္စရေးက ဆက်လက်တိုက်ခိုက်နေတာကို ဆန့်ကျင်ဖို့ သောကြာနေ့က ယီမင်နိုင်ငံမြို့တော် ဆာနာမှာ သောင်းနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ပါတယ်။
ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတို့ကို အပြင်းအထန် ဆန့်ကျင်ကြောင်း ဖော်ပြတဲ့ နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့တာပါ။
ဂါဇာကမ်းမြောင်ဒေသနဲ့ အနောက်ဘက်ကမ်းဒေသတွေကို သိမ်းပိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ သဘောထားမှတ်ချက်ကို အခိုင်အမာ ငြင်းဆန်ခဲ့ကြပါတယ်။
အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ i24News နဲ့ အင်တာဗျူးတခုမှာ ပိုကြီးမြတ်တဲ့ အစ္စရေးရဲ့ အမြင်အပေါ် ဆက်စပ်မှု ရှိတယ်လို့ ခံစားရသလားလို့ မေးမြန်းခံရပြီးတဲ့နောက် နေတန်ယာဟုက အင်မတန်ပါပဲလို့ တုံ့ပြန်ပြောဆိုခဲ့တဲ့အကြောင်း Times of Israel သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဟူသီအဖွဲ့ရဲ့ မီဒီယာဆက်ဆံရေးအရာရှိ အဗ္ဗဒူရာမန် အယ်လ် အာနိုမီက “ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ သိမ်းပိုက်မှုကို ဘယ်တော့မှ လက်ခံမှာမဟုတ်ပါဘူး။ အစ္စရေးကို တိုက်ခိုက်ဖို့နဲ့ ဂါဇာကမ်းမြောင်ရဲ့ ခုခံရေးတပ်ဖွဲ့တွေကို စစ်ရေးအရ စစ်ဆင်ရေးတွေနဲ့ အစုလိုက်အပြုံလိုက် စည်းရုံးမှုတွေနဲ့ ပံ့ပိုးသွားမှာပါ” လို့ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တိုက်ခိုက်မှုတွေရပ်ပြီး သိမ်းယူမှုနဲ့ ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေကို ပြန်လည်ရုပ်သိမ်းတဲ့အထိ အစ္စရေးကို ဆန့်ကျင်တဲ့ အပတ်စဉ် ချီတက် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ဟူသီအဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters