
အစ္စရေးအနေနဲ့ အကူအညီတွေကို လက်နက်သဖွယ် အသုံးချမှု ရပ်တန့်ဖို့ တောင်းဆိုတဲ့ စာတစောင်ကို Oxfam နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) အပါအဝင် လူ့အခွင့်အရေးအဖွဲ့ ၁၀၀ ကျော်က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် အကူအညီပေးဝေဖို့ ခွင့်မပြုဘူးလို့ တားမြစ်ခံရတာတွေ မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
မတ်လကတည်းက အသက်ကယ်ပစ္စည်းတင် ကုန်တင်ကားတွေ ဝင်ခွင့်မရဘဲ ပိတ်ဆို့ခံထားရတယ်လို့ အဖွဲ့တွေက ပြောပါတယ်။
အစ္စရေးကတော့ ဒီစည်းမျဉ်းတွေဟာ အကူအညီတွေ ဟားမတ်စ်လက်ထဲ မရောက်အောင် တားဆီးဖို့သာဖြစ်ပြီး ကန့်သတ်တာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
ဆေးရုံတွေမှာ ပစ္စည်းပြတ်လပ်ပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူတွေဟာ ငတ်မွတ်မှုနဲ့ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။
အမေရိကန် အရှေ့နားဒေသ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့ (Anera) တခုတည်းမှာတင် လူသန်းချီကျွေးလို့ရတဲ့ ဆန်တန်ချိန် ၇၀၀ အပါအဝင် ဒေါ်လာ ၇ သန်းတန် အကူအညီတွေ ဂါဇာအနီးမှာ ပိတ်မိနေပါတယ်။
ဂါဇာကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ ထိုးစစ်အတွင်း ပါလက်စတိုင်း ၆၂,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဒီအထဲမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရမပြည့်လို့ သေဆုံးတဲ့သူ ၂၃၅ ယောက်ထက်မနည်းရှိပြီး အဲဒီထဲက ထက်ဝက်ဟာ ကလေးတွေဖြစ်ပါတယ်။
Source:Reuters