
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံခဲ့တဲ့ အလာစကာ ထိပ်သီး တွေ့ဆုံမှုမှာ ယူကရိန်း စစ်ပွဲရပ်ဖို့ ဒါမှမဟုတ် သဘောတူညီမှု မရခဲ့တာနဲ့ ပတ်သက်လို့ မအံ့ဩကြောင်း အလာစကာ အန်ကာရိတ်မြို့ ဆန္ဒပြသူတွေက ပြောပါတယ်။
၃ နာရီနီးပါးကြာတဲ့ အစည်းအဝေး ပြီးခဲ့ပေမဲ့ ၂ နိုင်ငံခေါင်းဆောင်တွေက တိုးတက်မှုရှိတယ်လို့သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ ၂ ဦးဟာ အသေးစိတ်ကို ပြောဆိုခဲ့တာမျိုးမရှိသလို မေးခွန်းတွေလည်း မေးမြန်းစေတာမျိုးတွေလည်း မလုပ်ခဲ့ပါဘူး။
ဆန္ဒပြသူတွေဟာ အာဏာရှင်ကို အလာစကာကို လာရောက်ခွင့်မပြုဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာတွေ့ရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အသက် ၇၀ အရွယ်ရှိ ဒေသခံတယောက်က “ဘာမှထူးခြားတာ မရှိပါဘူး။ ဒီဆွေးနွေးပွဲက ဘာမှထွက်ပေါ်လာမယ်လို့ ကျနော်တို့ မမျှော်လင့်ပါဘူး” လို့ ပြောပါတယ်။
ပူတင်အိမ်ပြန်ပါ ထရမ့်ပ်ကိုပါ ခေါ်သွားဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်ပြီး ဒီအဆွေးနွေးပွဲ ကို ဆန္ဒပြခဲ့တာ တွေ့ရပါတယ်။
အသက် ၅၀ အရွယ်ရှိ ဒေသခံ တယောက် “ဒါက အချိန်ဖြုန်းတာ တခုဖြစ်ပြီး အခွန်ဆောင်ထားသူတွေရဲ့ ပိုက်ဆံဖြုန်းတီးမှုပါ။ အလာစကာမှာ ကျန်းမာရေးအတွက် ငွေလိုအပ်ပါတယ်။ ကလေးတွေ ကျောင်းတွေအတွက် ငွေလိုပါတယ်။ ကျမတို့ဆီမှာ ပြစ်မှုထင်ရှားတဲ့သူ ၂ ဦး လာဖို့ ငွေကြေးအမြောက်အများအကုန်ခံရပါတယ်။ ဒီဆွေးနွေးမှုက ရယ်စရာကောင်းသလို အချိန်ဖြုန်းတီးတာပါ” လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ ဥရောပမှာ နှစ်ပေါင်း ၈၀ အတွင်း သေဆုံးမှုအများဆုံးဖြစ်နေတဲ့ ရုရှား-ယူကရိန်းစစ် ရပ်ဆိုင်းရေးအတွက် အဓိကကျတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့ပါဘူး။
ဒါ့အပြင် နောက်ပိုင်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ပူတင်အကြားတွေ့ဆုံမယ့် ထရမ့်ပ်ရဲ့ ရည်ရွယ်ထားမှုလည်း မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။ မြို့ထဲမှာတော့ ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
Source: Reuters