Home
နိုင်ငံတကာ
ပူတင်နှင့် ဆွေးနွေးပွဲအပြီး ထရမ့်ပ် အလွန်စိတ်ဓာတ်ကျနေဟု ကျွမ်းကျင်သူသုံးသပ် 
DVB
·
August 17, 2025
Photo: Reuters

ရုရှားပူတင်နဲ့ ဆွေးနွေးပွဲအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အရမ်းစိတ်ဓာတ်ကျနေတယ်လို့ ခန္ဓာကိုယ်စကားကျွမ်းကျင်သူက သုံးသပ်ပြောပါတယ်။ 

ထရမ့်ပ်နဲ့ ပူတင်တို့ဟာ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ချိန် ထရမ့်ပ်ရဲ့ ပုံစံကို ခန္ဓာကိုယ်စကားကျွမ်းကျင်သူက အကဲခတ်ခဲ့တာ ဖြစ်ပါတယ်။

မှုခင်းစိတ်ပညာရှင် ဒေါက်တာ ဂျွန်ပေါလ်ဂါရစ်ဆန်က  “သူတို့ ၂ ဦး လမ်းပေါ်မှာ တွေ့ဆုံချိန်ကို ကျနော်တို့ ကြည့်ခဲ့ပါတယ်။ သူတို့ ၂ ဦး နွေးထွေးမှုတွေ ရှိခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ အပြုံးကလည်း တကယ့်အပြုံးအစစ်တွေပါ။ ပူတင်ကတော့ ပြင်ဆင်ထားတဲ့ ပြောမယ့်စကားတွေကို ပြောခဲ့ပါတယ်။ သူ့ဆီက အမှန်တကယ်ခံစားမှုတွေကို ခင်ဗျားတို့ မြင်ရမှာမဟုတ်ပါဘူး။ ထရမ့်ပ်ကို ကြည့်ရင်တော့ နည်းနည်းကွဲပြားနေသလိုပဲ။ သူ့ပုံစံက စိတ်ပျက်နေသလိုပဲ။ ကျနော့်အမြင်မှာတော့ သူ့ပုံစံက စိတ်ပျက်နေပြီး အင်အားကုန်ခန်းနေသလိုပဲ” လို့ ပြောပါတယ်။ 

ဒါ့အပြင် ဒေါက်တာဂါရစ်ဆန်က “ထရမ့်ပ်ရဲ့ ပုံစံက သူ လိုချင်တဲ့ပုံစံကို မရတဲ့ပုံစံလို့ ကျနော် ထင်သလို သူ့ရဲ့ပုံစံကလည်း ပိုပြီး အေးဆေးတဲ့ပုံပေါ်တာ ခင်ဗျားတို့လည်း တွေ့မှာပါ။ သူ့မှာ ပြတ်သားမှုတွေ မရှိတာလည်း တွေ့ရပါတယ်။ ထရမ့်ပ်ရဲ့ ပြောဆိုမှုတွေကို ကြည့်ဖူးတဲ့သူတွေဆိုရင် သူဟာ စကားပြောတိုင်း လက်တွေကို အသုံးပြုပြီး ဟန်ပါပါပြောလေ့ရှိတာက ထင်ရှားပါတယ်။ အခုလိုပုံစံမျိုးက တွေ့ရခဲတဲ့ပုံစံမျိုးပါ။ ဒါ့ကြောင့် သူဟာ စိတ်ဓာတ်အရမ်းကျနေတယ်လို့ ကျနော် ထင်တာပါ” လို့ ပြောဆိုခဲ့ပါတယ်။ 

၃ နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ပူတင်နဲ့ ထရမ့်ပ်တို့ အလာစကာမှာ ထိပ်သီးတွေ့ဆုံမှုပြုလုပ်ခဲ့တာဖြစ်ပေမဲ့ စစ်ပွဲရပ်ဖို့ သဘောတူညီမှုမျိုး မရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013