
ရုရှားသမ္မတ ပူတင်ဟာ သူ့ကို ကစားရဲမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
ပူတင်နဲ့တွေ့ဆုံမယ့် အစည်းအဝေးနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ထရမ့်ပ်က အိမ်ဖြူတော်မှာ အခုလို ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။
ထရမ့်ပ်က “သူသာ သမ္မတ မဟုတ်ခဲ့ဘူးဆိုရင် ပူတင်က ယူကရိန်းနယ်မြေအားလုံးကို သိမ်းယူပြီးနေပါပြီ။ ဒါပေမဲ့ ကျနော်က သမ္မတဖြစ်နေလို့ သူ့အနေနဲ့ ကျနော့်ကို ကစားရဲမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ပ်နဲ့ ပူတင်တို့ဟာ အလာစကာမှာ အဲဒီဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ဆွေးနွေးမှု ပြုလုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ပူတင်နဲ့ တွေ့ဆုံမှုဟာ ထရမ့်ပ်အတွက်လည်း ၆ နှစ်အတွင်း တယောက်ချင်းတွေ့ဆုံတဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ ရွေးကောက်ပွဲကာလတုန်းက ယူကရိန်း-ရုရှားစစ်ကို ၂၄ နာရီအတွင်း သူ ရပ်တန့်ပစ်နိုင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့က ပြောဆိုခဲ့မှုမှာတော့ ၃ နှစ်ခွဲကျော် ကြာလာပြီဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ဟာ သူထင်ထားတာထက် ပိုပြီး ခက်ခဲမှုတွေရှိတယ်လို့ ဆိုထားပါတယ်။
အလာစကာမှာ တွေ့ဆုံမယ့် ဆွေးနွေးပွဲဟာ ဇလန်းစကီးနဲ့ ပူတင်အကြား ငြိမ်းချမ်းမှုကို ရနိုင်ကြောင်း ထရမ့်ပ်က အကောင်းမြင်စိတ်နဲ့ ပြောခဲ့ပါတယ််
“ပူတင်နဲ့ မနက်ဖြန်တွေ့မယ်။ ဒါက ကောင်းမွန်တဲ့တွေ့ဆုံမှု ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဒုတိယဆွေးနွေးပွဲဖြစ်မြောက်ဖို့က ပိုပြီးအရေးကြီးပါတယ်။ သမ္မတ ပူတင်၊ သမ္မတ ဇလန်းစကီး၊ ကျနော်နဲ့ တချို့ဥရောပခေါင်းဆောင်တွေလည်း ပါမယ့် အစည်းအဝေးမျိုးပေါ့” လို့ ထရမ့်ပ်က ပြောပါတယ်။
အလာစကာ ဆွေးနွေးပွဲမတိုင်မီ ပူတင်နဲ့ ထရမ့်ပ်တို့ပုံပါတဲ့ အမှတ်တရပစ္စည်းတွေ မော်စကိုမြို့မှာ ရောင်းချနေတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ တီရှပ်၊ မာသရိုရှပ်ကာအရုပ် စတဲ့ လက်ဆောင်ပစ္စည်းတွေ ရောင်းကောင်းတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters