Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးကို ပူတင် လက်မခံလျှင် ဆိုးရွားသည့်အကျိုးဆက်များ ကြုံမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
August 14, 2025
Photo :Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်သာ ယူကရိန်းငြိမ်းချမ်းရေးကို သဘောမတူခဲ့ဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်ပါတယ်။

သူနဲ့ ပူတင် ဆွေးနွေးပွဲပြီးရင် ယူကရိန်းသမ္မတ ဇလန်းစကီးပါ ပါဝင်လာမယ့် ဒုတိယဆွေးနွေးပွဲ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်တယ်လို့ပါ ထရမ့်ပ်က ပြောသွားပါတယ်။

ဘယ်လိုအကျိုးဆက်တွေလဲ ဆိုတာ ထရမ့်ပ်က အသေးစိတ်ပြောမသွားပေမဲ့ ဩဂုတ် ၁၅ ရက် အလာစကာမှာ ပူတင်နဲ့ တွေ့ဆုံမှုသာ အကျိုးမရှိရင် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဇလန်းစကီး အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ ထရမ့်ပ်တို့ ဗီဒီယိုကွန်ဖရင့်တခု ဩဂုတ် ၁၃ ရက်မှက ပြုလုပ်ခဲ့အပြီးမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ်-ပူတင် ဆွေးနွေးပွဲဟာ ယူကရိန်းကို ထိုးရောင်းလိုက်တာမျိုး ဖြစ်လာမလားလို့ စိုးရိမ်နေကြချိန်မှာ စိတ်သက်သာစရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကတော့ ယူကရိန်းနဲ့ ဥရောပရဲ့ တောင်းဆိုချက်ကို လက်ခံမှာမဟုတ်ဘဲ ၂၀၂၄ ဇွန်လတုန်းက ပူတင်ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်အတိုင်း အပြောင်းအလဲမရှိဘူးလို့ ပြောထားပါတယ်။

ယူကရိန်းက NATO ထဲဝင်ဖို့ အစီအစဉ်ကို လုံးဝစွန့်လွှတ်ပြီးတော့ မော်စကိုက ပိုင်တယ် ပြောထားတဲ့ ပြည်နယ် ၄ ခုစလုံး အလုံးစုံလက်လွှဲပေးမှသာ စစ်ပွဲ အဆုံးသတ်ပေးမယ်လို့ ပူတင်က ပြောထားခဲ့တာ ဖြစ်ပါတယ်။

ပူတင်က စစ်ပွဲရပ်ဖို့ သဘောမတူဘူးဆိုရင် ဘယ်လိုအကျိုးဆက် ရှိလာမလဲဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို “ရှိလာမှာပါ” လို့ပဲ ထရမ့်ပ်က ဖြေခဲ့ပါတယ်။

အကျိုးဆက်က အရေးယူပိတ်ဆို့မှုလား၊ စည်းကြပ်ခွန်လား ဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က “ကျုပ်ပြောစရာမလိုသေးဘူး။ အင်မတန်ဆိုးရွားတဲ့ အကျိုးဆက်တွေတော့ ရှိလာမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013