Home
မြန်မာသတင်း
မြစ်ကြီးနား All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်
DVB
·
August 18, 2025
Photo: All Star Private High School

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ All Star ကိုယ်ပိုင်အထက်တန်းကျောင်းအနီးနားမှာ သြဂုတ် ၁၈ ရက် ဒီနေ့  မနက် ၁၁ နာရီက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုကောင်းဆက်အောင်က “ဖြစ်သွားတာက ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကပါ။ ဗုံးဆိုတာထက် အသံမိုင်းလို့ ယူဆရတဲ့ အရာမျိုး ပေါက်ကွဲတာပေါ့နော်။ ထိခိုက်မှုတွေကတော့ ကျောင်းရှေ့နားမှာ ရပ်ထားတဲ့ ကားကတော့ အပေါက်အပြဲတွေတော့ တော်တော်များပါတယ်။ ၁၀ ချက် ၁၅ ချက်လောက် ရှိမယ်ထင်ပါတယ်။ ကျောင်းသားတွေ ထိခိုက်သွားတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

စာသင်ခန်းထဲ စာသင်နေတဲ့အချိန် ခုလိုပေါက်ကွဲမှုဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ကျောင်းသားတယောက်က ပြောပါတယ်။

ကျောင်းပတ်ဝန်းကျင်အနီးမှာ တိုက်ပွဲ၊ စစ်အခြေစိုက်စခန်းတွေ မရှိဘဲ အခုလို တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ်မှာ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကိုကောင်းဆက်အောင်က ပြောပါတယ်။

“ခုလိုမျိုး ကျောင်းပတ်ဝန်းကျင်အနီးအနားမှာ လုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေက ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချပါတယ်။ တော်လှန်ရေးဘက်က အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ စစ်ကောင်စီဘက်ကပဲ ဖြစ်ဖြစ် ဒီလိုမျိုးလုပ်ရပ်တွေကို ရှုတ်ချပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါမျိုးမလုပ်သင့်ဘူး ထင်ပါတယ်။ CDM လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ဆိုတဲ့ အရာကို ထိပါးတာနဲ့ အတူတူပါပဲ။”

အလားတူ သက်ဆိုင်ရာ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျောင်းသားထုကို ထိခိုက်စေနိုင်မယ့် အရပ်ဘက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဂျီနီဗာကွန်ဗန်ရှင်းပါ အချက်တွေကို ကျော်လွန်လုပ်ဆောင်မှု မရှိစေဖို့ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ကျောင်းသားထုကိုယ်စား သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီပေါက်ကွဲမှုကို ဘယ်သူ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013