Home
မြန်မာသတင်း
ကျောက်ဖြူတွင် ဒေသခံနှင့် စစ်ဘေးရှောင်များ ဖမ်းဆီးသတ်ဖြတ်ခံနေရ
DVB
·
September 10, 2025

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စက်တင်ဘာလအတွင်း ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ သတ်ဖြတ်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာက ကျေးရွာသားတယောက်ကို စစ်ကောင်စီက စက်တင်ဘာ ၅ ရက်မှာ ပစ်သတ်ခဲ့သလို စက်တင်ဘာ ၃ ရက်ကလည်း ကြံချိုင်ကျေးရွာက စစ်ဘေးတိမ်းရှောင်နေသူ ၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့က သပြုတောင်က ကျေးရွာသားနှစ်ယောက် လှေနဲ့ ငါးဖမ်းသွားကြတာကို သေနတ်နဲ့ လှမ်းပစ်တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တာရှိတယ်။ နောက်တဦးကိုလည်း လှမ်းပစ်တာကြောင့် အသက်လုပြီး ထွက်ပြေးလာရတယ်။ နောက် စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဓညဝတီရေတပ်အနီးက ကြံချိုင်ရွာက စစ်ဘေးရှောင်နေကြတဲ့ ရွာသား ၂ ဦး ရွာက အဝတ်အစားတွေ သွားယူကြစဉ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်။ ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူး။”

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာက ဦးမောင်သန်းရီ (၄၁ နှစ်) ဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ၂ ယောက်မှာ ကြံချိုင်ကျေးရွာက ဦးဟန်သိန်းဖြူ (၆၅ နှစ်) နဲ့ မောင်ဝေတင်အောင် (၁၆ နှစ်) တို့ ဖြစ်ကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီ ရေတပ်အနီးတို့မှာ ဩဂုတ်လလယ်ပိုင်းကစပြီး စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေနဲ့ မင်းတပ်တောင်အနီးမှာ စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ တဆင့် အင်အားဖြည့်တင်းမှုတွေကို ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကျောက်ဖြူတိုက်ပွဲက နေ့တိုင်းဖြစ်နေကြတယ်။ အခုလည်း ပြိုင်းစေ့ကေရွာအနီးနဲ့ မင်းတပ်တောင်တို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်။ စစ်ကောင်စီဘက်က သူတို့ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်ပြီး တန်ပြန်ထိုးစစ်ဆင်ရာကနေ တိုက်ပွဲပြင်းထန်နေကြတာ။ စစ်ကောင်စီကတော့ ရေကြောင်းကနေတဆင့် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီးတော့ ၃၂ ရဲတပ်ရင်းမှာ ဖြည့်တင်းနေတာရှိတယ်။ တိုက်ပွဲက အတော်လေးကို ပြင်းထန်မှုရှိတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ ကာကင်းစခန်း အများအပြားကို AA က သိမ်းပိုက်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013