
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်က ရွှေဆန်းလီရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း အများအပြား ပါသွားတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီလောက်မှာ ဆိုင်ကယ် ၂ စီးနဲ့ အမျိုးသား ၃ ယောက်က သေနတ်တွေကိုင်ဆောင်ကာ ရွှေဆိုင်အတွင်း ဝင်ရောက်လာပြီး ကောင်တာမှာရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက်ယူဆောင်သွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူ တယောက်က “ဓားပြတွေက လူလတ်ပိုင်းအရွယ် အမျိုးသား ၃ ယောက်။ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာတာ။ ဆိုင်ကယ်ဦးထုတ်တွေဆောင်း၊ Mask တွေ တပ်ထားကြတယ်။ ဆိုင်မှာရှိနေတဲ့သူတွေကို သေနတ်နဲ့ချိန်ထားပြီး ကောင်တာတွေကိုဆွဲဖွင့်ပြီး အထဲက ရွှေထည်တွေကို ယူသွားခဲ့ကြတာ။ အခု အခင်းဖြစ်နေတဲ့နေရာက မြို့လယ်ခေါင်ကြီးပါ” လို့ ပြောပါတယ်။
ရွှေဆိုင်ဓားပြတိုက်ခံရတာကြောင့် ရွှေဟန်းချိန်း ၁၀ ကုန်း၊ ရွှေလက်စွပ်အကွင်း ၄၀ နဲ့ ရွှေဆွဲကြိုး အကုံး ၂၀၊ ကာလတန်ဖိုးငွေကျပ်သိန်း ၉၀၀ ကျော်ဖိုးအထိ ဓားပြတွေဆီ ပါသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က “ရဲခန်းမှာ တိုင်ကြားထားတယ်လို့ သိရတယ်။ ရဲစခန်းကလည်း သွားစစ်ဆေးထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမှာက ခိုးမှု၊ လုယက်မှု၊ ဓားပြမှုတွေက ဆက်တိုက်လိုလို ဖြစ်နေတယ်။ ကောင်မွန်စွာ လုပ်ကိုင်စားသောက်ကြတဲ့ ပြည်သူတွေ လုံခြုံမှုမရှိတော့တဲ့အခြအနေ” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲတပ်ဖွဲ့က စစ်ဆေးတာတွေလုပ်နေပေမဲ့ စက်တင်ဘာ ၁၀ ရက်အထိ ကျူးလွန်တဲ့သူတွေကို ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာ ခိုးဆိုး၊ လုယက်၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၇ ရက်ကလည်း မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်မှာ ဓားထောက် လုယက်တဲ့ အမျိုးသား ၄ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်ဝန်းဖမ်းဆီးခဲ့ရသေးတယ်လို့ သိရပါတယ်။