
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်စုရပ်ကွက်မှာ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲက အမျိုးသမီးတယောက်ကို ဖုန်းနဲ့ လက်စွပ် ဓားထောက် လုယက်သူ ၆ ယောက်ကို ရပ်ကွက်က ဝိုင်းဖမ်းခဲ့ရာ ၄ ယောက် မိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲက ကချင်စုရပ်ကွက်၊ တာရိုးကုန်းလမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီး တယောက်ကို ဓားထောက်လုယက်ခဲ့သူတွေကို ရပ်ကွက်က ဝိုင်းဖမ်းခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ကျန်းမာရေးမကောင်းလို့ လမ်းလျှောက်နေတဲ့ အမျိုးသမီးကို ဓားနဲ့ထောက်ပြီး လက်စွပ်နဲ့ ဖုန်းကို လုတာ။ အမျိုးသမီးကို ဓားနဲ့ထိုးလို့ အော်မှ ရပ်ကွက်ကသိတာ။ ဝိုင်းပြီးလိုက်တာ ၄ ယောက်မိတယ်၊ ၂ ယောက် လွတ်သွားတယ်။”
လုယက်ခံရပြီး ဒဏ်ရာရသူ အမျိုးသမီးကို မြစ်ကြီးနားဆေးရုံ ပို့ဆောင်ထားပြီး ဖမ်းဆီးရမိသူ ၄ ယောက်ကို ရပ်ကွက်နေသူတွေက နယ်မြေရဲစခန်းကို ပို့လိုက်ပြီး နယ်မြေရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကလည်း စီတာပူရပ်ကွက် Autumn ဟိုတယ် လမ်းနား အမှိုက်ပစ်ဖို့ ဆိုင်ကယ်အတူစီးလာတဲ့သူ ၂ ယောက်ကို အမျိုးသား ၆ ယောက်က ရိုက်ပြီး ဆိုင်ကယ်လုယူခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း မြစ်ကြီးနာမြို့မှာ ခိုးဆိုးလုယက်မှု ၅၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပြီး မြစ်ကြီးနားရဲတပ်ဖွဲ့ အနေနဲ့ ပြစ်မှုကျူးလွန်သူ တချို့ကိုသာ ဖမ်းဆီးရမိခဲ့ပါတယ်။