Home
မြန်မာသတင်း
ပလက်ဝ-ကျောက်တော်လမ်းတွင် လုယက်မှုများလာသဖြင့် ဒေသခံများ စိုးရိမ်
DVB
·
September 5, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို သွားတဲ့လမ်းမှာ အခုလပိုင်းအတွင်း လုယက်မှုတွေ များပြားလာလို့ သွားလာရေးအတွက် စိုးရိမ်နေရတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နဲ့ ကျောက်တော်မြို့ဟာ မိုင် ၄၀ နီးပါး ကွာဝေးပြီး ကားလမ်းတလျှောက်က လူပြတ်တဲ့နေရာတွေမှာ ငွေကြေး၊ ဖုန်း၊ ပစ္စည်း လုယူမှုတွေ ပိုများလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာတင် သူဌေးကုန်း၊ နှမဒါ၊ ရှင်းလက်ဝ စတဲ့ကျေးရွာတွေအနီးမှာ လုယက်မှု ၅ မှုအထိ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝဒေသခံတယောက်က “အရင်ခေတ်ကောင်းတုန်းကဆို ကားတွေက အဝင်အထွက်ရှိတော့ လူမပြတ်ဘူး၊ အခုက လူပြတ်တယ်၊ အဲ့နေရာတွေမှာ ရွာသားတွေဆီက လုယက်ကြတာပေါ့နော်။ ၂ ယောက် ၃ ယောက် အဖွဲ့လိုက် မျက်နှာဖုံးတွေနဲ့ လုကြတာများတယ်။ ပလက်ဝမှာ ငွေထုတ်ပြီး ပြန်လာကြရတဲ့သူတွေကလည်း အဲ့လမ်းမှာ အလုခံရတယ်။ လူတွေက တယောက်တည်း ၂ ယောက်တည်း အဲဒီလမ်းကို မဖြတ်ရဲကြဘူး” လို့ ပြောပါတယ်။

ပလက်ဝနဲ့ ကျောက်တော်မြို့နယ်တွေမှာ အရင်က ဒေသခံတွေပဲ နေထိုင်ပေမဲ့ အခုနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွက် ကုန်ပစ္စည်းအဓိကဝင်တဲ့လမ်းကြောင်း ဖြစ်နေတဲ့အတွက် လူစိမ်းတွေ ပြောင်းရွှေ့လာတာ များတဲ့အတွက် အခုလို လုယက်မှုတွေ ပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။

လုယက်မှု‌တွေ ဆက်တိုက်ဖြစ်ပေါ်နေပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013