
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ လျှပ်စစ်ဝန်ထမ်းအိမ်ရာ အနောက်ဘက်မှာ သြဂုတ် ၃၀ ရက် ည ၆ နာရီခွဲက အမျိုးသမီးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ဖုန်းလုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၆ နာရီခွဲက လျှပ်စစ်ဝန်ထမ်းအိမ်ရာ အနောက်ဘက် နေပြည်တော် မြိုပ့တ်လမ်းမြောင်း ချုံပုတ်ထဲမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရှိပြီး အဝတ်ဗလာနဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဇလောင်းကျေးရွာနေသူတွေက မြင်တွေ့ခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဥတ္တရသီရိမှာ ခဏခဏဖြစ်နေပြီ။ ရှေ့လကပဲ လေးကျွန်းမဏ္ဍိုင် ဘုန်းကြီးကျောင်းက ကပ္ပိယကြီးကို သတ်ပြီး ဖုန်းလုသွားတယ်။ အခုလည်း မုဒိမ်းကျင့်ပြီး သတ်ဖြတ် လုယက်သွားတယ်လို့ ကြားတယ်။ ဥတ္တရသီရိ တမြို့တည်း မဟုတ်ဘူး။ နေပြည်တော်ကောင်စီ နယ်မြေတခုလုံး လုယက်မှုတွေ ဖြစ်နေတာ။”
သေဆုံးသူ အမျိုးသမီးမှာ ဥတ္တရသီရိမြို့၊ မောင်းရမ်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ်ရှိ အိအိငြိမ်း ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က ဇလောင်းကျေးရွာမှ ယောက္ခမဖြစ်သူက ဖုန်းဆက်ပြီး ဟင်းလာယူခိုင်းလို့ သွားယူရာ လမ်းမှာ သတ်ဖြတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“သူ့ယောက္ခမက ဟင်းမရှိရင် လာယူဆိုလို့ သွားယူရင်း လမ်းမှာဖြစ်တာ၊ အဝတ်ဗလာနဲ့ဆိုတော့ မုဒိမ်းကျင့် ရိုက်နှက်ပြီး ဖုန်းလုသွားတဲ့ပုံစံ၊ ရဲဘက်က စစ်ဆေးနေတယ်။ တရားခံတော့ မမိသေးဘူး။”
ဥတ္တရသီရိမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် မနက်က သပြေကုန်းကျေးရွာ လေးကျွန်းမဏ္ဍိုင် ဘုန်းကြီးကျောင်းက အသက် ၇၄ နှစ်အရွယ် ကပ္ပိယကြီးတယောက်ကို အမျိုးသား ၃ ယောက်က ရိုက်သတ်ပြီး ဖုန်းနဲ့ ငွေ ၇၀,၀၀၀ လုယက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။
သြဂုတ် ၂၅ ရက် မနက်က ပုဗ္ဗသီရိမြို့နယ်၊ ပုစွန်ဆိပ်ကျေးရွာမှာ ဓားနဲ့ထိုးခုတ် အသတ်ခံရတဲ့ တောင်သူအမျိုးသား ၂ ယောက်ရဲ့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်က ပြစ်မှုကျူးလွန်သူတွေကို ရဲတွေက ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ဇူလိုင်လနဲ့ သြဂုတ်လအတွင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခဲ့သူတွေကို ပုဗ္ဗသီရိ၊ လယ်ဝေး၊ ဥတ္တသီရိမြို့နယ်နဲ့ ဇေယျာသီရိခရိုင် တရားရုံးက သေဒဏ်ကြိုးမိန့်တွေ ချမှတ်ခဲ့ပါတယ်။